Sunday, October 3, 2010

တစ်ခါတုန်းကတက္ကသိုလ်(၂)

သို့ 
ကိုတေလေ

အခု ဖေ့ဘွတ်မှာ သူငယ်ချင်းတော်တော်များများနဲ့ ငယ်က အကြောင်းလေတွေ ပြန်ပြောကြရင်း
ငါလည်း အမှတ်တရဖြစ်ခဲ့တာလေးတွေပြန်ပြောချင်သေးတယ်။
သူများတွေ အိမ်ထောင့်တာဝန်တွေ စထမ်းနေချိန် မှာ ငါ က ကလေးတွေ တစ်ပုံကြီးနဲ့ ရွာလည်နေပြီလေ။ ငါ့ကလေးတွေ တော့မဟုတ်ပါဘူး။ ငါ က ဆရာ မလုပ်တာဆိုတော့ တစ်နှစ်လာလိုက်ကျောင်းသားလေးတွေ ၀င်လာလိုက်၊နောက်တော့ သံယောဇဉ် တွယ်လိုက် ထွက်သွားလိုက်နဲ့  ခဏခဏ အသည်းကွဲနေတော့တာပဲ။ ခောတ်စကားနဲ့ ဆိုရင်တော့ ဟတ်ထိတယ်ပေါ့ဟယ်။ ကြာတော့လည်း အသဲကွဲကြီးအေးအေးခိုင်ဖြစ်နေရပါပြီဟာ။

ငါတို့ကျောင်း (MTU) ကိုသွားတဲ့လမ်းက မန်းတလေးပတ်ဝန်းကျင်မှာ အသာယာဆုံးလမ်းဘဲလို့ ထင်တယ်။ (သူများတော့မပြောတတ်ဘူး။ ကိုယ့်ဟာကိုယ်ထင်တာ)။ နေ့တိုင်းနေ့တိုင်း ဈေးချိုကနေ ကားနှစ်စီးထွက်တဲ့အထဲမှာ ဦးမုတ်ဆိတ်ကြီးကားကိုဘဲ နေရာဦးပီး စီးကြတယ်။ ဘာလို့ဆိုကက်ဆက် ပါလို့။ အဲဒီအချိန်တုန်းက ဦးမုတ်ဆိတ်က အငဲ ရဲ့ ၈၅ မန္တလေးတမ်းချင်းများ ဆိုတဲ့ သီချင်းခွေကို အသွားရော အပြန်ပါဖွင့်လေ့ရှိတယ်။ ငါလဲအငဲဆို အရမ်း ကြိုက်တော့ ကားစီးရင်း လမ်းကို ငေးပီး သီချင်းနားထောင်ရတာကိုက ဖီလင်တစ်မျိုးဘဲဆိုပီး သဘောကျတယ်။ ကားသွားတဲ့လမ်းက ရှုခင်းက မြို့ထဲမှာ ဒီလောက်ကြီး မလှဘူး။ နန်းရှေ့ ရေစစ်ကန်ကို ကျော်တာနဲ့ စပီး အဲဒီလမ်းကိုသွားနေရတာပိုပျော်စရာကောင်းလာတယ်။ ရေစစ်ကန်ကိုကျော်ကျော်ချင်း သကြားစက်ရုံတစ်ခုရှိတယ်။ အဲဒီ သကြားစက်ရုံရှေ့ရောက်တာနဲ့ ပေါင်မုန့်မီးဖုတ်တဲ့အနံလိုမျိုးရတယ်။ အဲဒီအနံကိုအမြဲရှုရင်း ဗိုက်ဆာလိုက်တာလို့တွေးမိတယ်။ အဲဒီနောက်နဲနဲကျော်လာတာနဲ့ လမ်းတဘက်တချက်ဆီက ကြာပင်တွေအပြည့်နဲ့မြောင်းကိုတွေ့တော့တာဘဲ။ နှစ်စဉ် စက်တင်ဘာလက စပီး ဆောင်းတွင်းတ တွင်းလုံးကြာပန်းတွေပွင့်တာများတအားကိုလှတယ်။ တခါတလေ ကျောင်းကားနဲ့မလိုက်ဘဲ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သွားတဲ့နေ့ကျရင် အဲဒီနေရာနားရပ်ပီး ကြာပန်းခူးလေ့ရှိတယ်။ တစ်ခါတလေ ကြာဖက်ရောင်းဖို့ ခူးနေကြတဲ့ လှေကလေးနဲ့ လူတွေကိုတွေ့ရင်တော့ ကိုယ့်ဘာသာမခူးဘဲ သူတို့ဆီက၀ယ်လိုက်တယ်။ ပီးတော့လဲဘာမှလဲမဟုတ်ဘူး လွှင့်ပစ်ကြတာ။ ကြာပန်းတွေမြင်နေရတာကိုက ပျော်စရာ။ အဲဒီနောက် ကြာပန်းမြောင်းအဆုံးမှာ လယ်ကွင်းတွေကို တမေ့တမော တွေ့ရတယ်။ အဲဒီမှာ လေကို အားရပါးရရှုကြည့်လိုက်ရင် မြို့ထဲမှာ မရတဲ့ “စပါးနံ့”တွေကိုခပ်သင်းသင်းရတယ်။ အဲဒီစပါးနံ့ကို အရမ်းကိုကြိုက်တယ်။အဲဒီစပါး ခင်းတွေက ရန်ကင်းတောင် မေ၇ာက်ခင်မှာရော ရန်ကင်းတောင်အလွန်မှာပါ ရှိတယ်။ ရန်ကင်းတောင်အလွန်က စပါးခင်းတွေပီးရင် တော့ လမ်းထောင့်လေးမှာ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုရှိတယ်။ အဲဒီအကွေ့ကစပီး စပါးပင်အစား သပြေပင်၊ဂန္ဒမာပင် စတဲ့ အခင်းတွေနဲ့ ကျောင်းပေါက်ကိုရောက်လာတော့တယ်။ အဲဒါက ကျောင်းကိုအသွားလမ်း။ ကျောင်းကအပြန်လမ်းဆိုရင်တော့ စိုက်ပျိုးရေးတက္ကသိုလ်ကွေ့ကစပီး ငါသဘောကျတဲ့ရှုခင်းတွေ တွေ့ပီလို့အမြဲတွေးမိတယ်။ အပြန်လမ်းမှာလဲ အဲလိုဘဲ စပါးနံ့လေးပါတဲ့ လေကိုရှုရင် အငဲသီချင်းကိုနားထောင်ရင်းနဲ့ မန္တလေးကိုရောက်လာတယ်ပေါ့။ တနေ့တော့ အဲဒီရှုခင်းကိုသူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဝေမျှခံစားချင်တာနဲ့ အဲဒီနေ့က ကျောင်းကားပေါ်မှာ ငါ့ဘေးက ထိုင်လိုက်တဲ့ ခင်ဖြိုးသန့် (အခုတော့ ဒေါက်တာခင်ဖြိုးသန့်၊ ကိုဥက္ကာရဲ့မိန်းမပေါ့) ကိုပြောပြတယ်။ “ဖြိုးရေ...ဒီနေရာကနေကျော်တာနဲ့ (အပြန်လမ်းကကွေ့) စပါးခင်းကိုတွေ့ပီ။ အဲ ဒီနေရာရောက်ရင် လေကိုအားရပါးရရှုကြည့်လိုက်။ စပါးသင်းတဲ့အနံ့ရတယ်။ အရမ်းမွှေးတယ်။“ လို့ပြောပြတယ်။ ခင်ဖြိုးသန့်က “ဟုတ်လား။ ဒီတိုင်းနေ့တိုင်းသွားနေတာ တခါမှသတိမထားမိဘူး“လို့ပြန်ပြောတယ်။ဒါနဲ့ သူငယ်ချင်းနှစ်ယောက် အားခဲထားပီးကွေ့ကိုကျော်တာနဲ့ အသက်ကိုအောင့်ပီး တအားရှုကြည့်လိုက်တယ်။ အဲဒီမှာဘဲ နှစ်ယောက်လုံးမျက်နှာတွေ ရှုံ့တွသွားပီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပီး အားရပါးရ ရီလိုက်ကြတယ်။ ဘာလို့ဆို ”စပါးသင်းနံ့”ဆိုပီး အသက်အောင့်ပီး အားရပါးရလေကိုရှုလိုက်ခါမှ ”စပါးသင်းနံ့”မဟုတ်ဘဲ ”နွားချေးနံ့”က နှာခေါင်းထဲကိုအလုံးလိုက်ဝင်လာလို့ဘဲ။ အဲဒီနောက်နှစ်ယောက်သားကိုယ့်အဖြစ်ကို ရီလို့မဆုံးဘူး။ အခုချိန်အဲဒီလမ်းကိုဖြတ်တဲ့အချိန်၊ အဲဒီအဖြစ်အပျက်ကို အမှတ်ရသေးတယ်။ ခင်ဖြိုးသန့်ကတော့ မေ့လောက်ပီထင်တယ်။
အဲဒါလေးတွေပြန်ပြောရင်းသတိရလိုက်တာဟာ..
အေးအေးခိုင်


သို့ အေးအေးခိုင်

နင့် စာကို ဖတ်ရပါတယ်။ ဖတ်ပြီးနင်မသိလိုက်တာတစ်ခု ကို ဖြေရှင်းချက်ပေးမလို့ ပါ။

ဟုတ်တယ်ကျောင်းသွားတဲ့ အောင်ပင်လယ်လမ်းက တော်တော်ကို သာယာပါတယ်။ ရေမြောင်းနဲ့ စပါးခင်းတွေနဲ့ လေ။ အခုတော့ ထန်းရည်ဆိုင်တွေ ပါထပ်တိုး လာပြီနော်။ နင်ပြောတဲ့ သကြားစက်က တကယ်တော့ အရက်ချက်စက်ရုံထင်တာပဲ။ ရန်ကင်းတောင်ခြေနားမှာလည်း တစ်ရုံရှိသေးတယ်။ အနံ့ က တော်တော်ဆိုးတယ်။ စပါးခင်းတွေ က တော့ နင်ပြောသလို ပဲ။ စပါးနံ့ လေးတွေ က မွှေးတယ်။ အဲဒီလေကို ရှု ရင် အဆုတ်ကို သန့် စေတယ်ထင်တယ်။ ဒါကြောင့် အဆုတ်ဆေးရုံ တစ်ခု အဲဒီမှာ လာဖွင့် တာနေမယ်။ ရန်ကင်းတောင် ခြေရောက် ရင်ချက်ချင်းအေးကျသွားတယ်နော်။နွေမနက်ခင်းဆို ပို သိသာတယ်။ မြို့ ထဲ က ပူ ပြီးလာတာ တောင်ခြေလည်းကားကွေ့ လိုက်ရော အေးသွားတော့တာပဲ။ တောင်ခြေဆိုလို့  တောင်အရှေ့ ဘက် က ပတ္တမြားရိပ်သာ ဆို ကျောင်းသားတိုင်းသိကြတယ်နော်။ ရိပ်သာကို တစ်ယောက်မှတောင်မမြင်ဘူးကြပေမယ့် အဲဒီလမ်း က ထန်းရည်ဆိုင်ကြောင့် ကျောင်းသားတိုင်း အဲဒီနေရာကို သိကြတယ်လေ။ ကျောင်းကားပြန်ချိန်ဆို အဲဒီက နေသောက်ပြီးမှ ပြန်စောင့်တက်တတ်သူတွေတောင်ရှိသေးတယ်။ ငမင်းတို့  ဂေါဠု တို့ ပေါ့။ (ငါမပါဘူး..ထန်းတောမှာတင်မထနိုင်တော့လို့ ..ဟိဟိ)။ ရန်ကင်းတောင်ပါတ်လည်က အရက်ဆိုင်တွေ လည်းမလွတ်ပါဘူး။ ဒင်းတို့ အုပ်စုတွေ နေရာတကာပါပဲ။

ငါ က တော့ ကျောင်းအ၀င် တမာလမ်းလေးကို သတိအရဆုံးပဲ။ ငါ က တမာ ပင်ကိုကြိုက်တယ်လေ။ အဲဒီလမ်းတစ်လျှောက် ကျောင်းကားမမီလို့ လိုင်းကားနဲ့ လာရရင် ကျောင်းဝကနေ ကျောင်းကို လမ်းလျှောက်ရင်လျှောက် ၊ မလျှောက်ရင် ဆိုက်ကားစီး။ လမ်းလျှောက်လာရင်း လူလစ်ရင် ဖလားဝါးချင် ၀င်ပြီးဖလားဝါးလို့ ရသေးတယ်။ တိတ်ဆိတ်နေပြီး လူလည်း သိပ်မရှိတော့ အဆင်ပြေတယ်ဟ။ ဖလားဝါးတဲ့ကိစ္စလေးသတိရလို့ ပြောရဦးမယ်။ ကမ္ဘာကျော်ပြိုင်ပွဲကြီးတစ်ခု လူမသိသူမသိ ဖြစ်နေတာလေး ပြန်ပြောချင်လို့ ။
တစ်ခုသော ညချမ်းမှာပေါ့ဟာ။ ကျောင်းထဲမှာနေတဲ့ အုပ်စုတစ်စု ဦးဂတုံးဆိုင် မှာ ၀င်ပြီး သောက်ကြပြီးသကာလ ကျောင်းဝင်းထဲ ကို ထပြန်လာကြတယ်။ ဆိုင်က ထွက်တော့ အားလုံး ဖလားဝါးချင်လာကြတယ်လေ။ လူတွေ က လည်းထွေနေကြတော့ ဒီအတိုင်း မ ဖလားဝါးချင်ဘူး။ ထူးထူးခြားခြားလေးဖြစ်သွားအောင် ပြိုင်ပွဲလေးတစ်ခုလုပ်မယ်။ ဘယ်သူ က ဖလားဝါးရင်း လမ်းလျှောက်ပြီး အဝေးဆုံးကိုရောက်နိုင်သလဲ လို့ ပြိုင်ကြသတဲ့။
ပြိုင်ပွဲဝင်သူတွေ ကတော့ ဆရာကြီး သက်ခိုင် နဲ့ သူ့ ကောင်လေး ငဖြိုး၊ သိန်းသန်းနဲ့  ရန်ကုန် သား (အဲဒီတုန်းက)ဂိုက်ပေးကြမ်းတဲ့  မျိုးဇော်တောင် ပါလိုက်ကြသေးတယ်။ အဲဒါ နဲ့  ပုဆိုးများဂွင်းသိုင်းပြီး သကာလ ခုနကပြောတဲ့ တမာလမ်းတစ်လျှောက် စပြိုင်ကြသတဲ့။ခရားရေလွှတ် နဲ့ ငဖြိုးတစ်ယောက် အသွက်ဆုံးသွားပေမယ့် ၀ါးတစ်ပြန်လောက်မှာတော့ရပ်သွားသတဲ့။ သိန်းသန်းက ပိုပြီးမြန်အောင်ဆိုပြီး ခြေတစ်ဖက်မြှောက်ပြီး ခုန်ဆွခုန်ဆွနဲ့ သွားတယ်။ သူ ကလည်း ငဖြိုး သာသာလေးမှာပဲဂိတ်ဆုံးသွားတယ်။ မျိုးဇော်က တော့ သူရဲ့ ပင်ကိုယ်အတိုင်း လေးဘက်ထောက်ပြီး ကို ပြေးတာပဲ ၀ါးနှစ်ပြန်လောက်ထိရောက်သတဲ့။ သူတို့ တွေ ရှေ့ ကို ရောက် နေ လို့  နောက်ကဖြည်းဖြည်းလိုက်လာနေတဲ့ သက်ခိုင်ကို စောင့်နေကြရတယ်။ သက်ခိုင် ကတော့ ဖြည်းဖြည်းနဲ့ သူတို့ နားကို ရောက်လာတယ်။ ဒါပေမယ့် သူ က တော့ ဖလားဝါးနေတုန်း ။ ကျန်တဲ့ လူတွေ က မပြီးသေးဘူးလားလို့ မေးတော့ သက်ခိုင် ကမပြီးသေးဘူးတဲ့။ အဲဒါနဲ့ လမ်းလျှောက်ရင်းအပေါ်ကို ဆက်လျှောက်လာတာ သက်ခိုင်ကတော့ ဖလားဝါးနေတုန်းပဲ။ လမ်းတစ်လျှောက် ရေစီးကြာင်းကြီး တစ်ခုတော့ ကျန်ခဲ့မှာပေါ့လေ။ အဲဒါ သူ စီးကြောင်းက ကျောင်းပေါ်တက်တဲ့ တမာလမ်းအဆုံးလောက်ထိကို ရောက်သတဲ့။ အဲဒီအခါမှာတော့ ကျန်တဲ့ လူတွေ က သက်ခိုင်ကို “ဆရာကတော့ ဆရာပါပဲ ဆရာရယ်” ဆိုပြီး လက်ဖျားခါအောင်ချီးကျူးပြီး ဖလားဝါးမင်း ဘွဲ့ ပေးအပ်လိုက်ကြရတယ်တဲ့။ အဲဒါ က ကမ္ဘာ့ စံချိန်ရှိရင်တောင်ကျိုးလောက်တဲ့ ထင်ပါရဲ့ ။

ဒါနဲ့  နင်ပြောတဲ့ စပါးနံ့ မွှေးတယ်ဆို တဲ့ ကွေ့ လေးအကြောင်းဆက်ရဦးမယ်။ ကျောင်းကားမှာ ယောကျာ်းလေးများအုပ်စု က တံခါးပေါက်တွေ မှာ ထိုင်ကြတာနင်တို့ သိကြမှာပေါ့။ နင်တို့ စပါးနံ့ ရှုတဲ့နေ့ ကဖြစ်မယ်ထင်တယ်။ အဲဒီကွေးနားလေးမှာ အဂျေးက တံခါးပေါက်ဝကထိုင်ရင်း ကားဘီးလေလျော့သလို အသံလောက်နဲ့  ကျန်းမာရေး လေပုပ် ထုတ်လိုက်တယ်ထင်ပါ့။ ဘေးနားက သူငယ်ချင်းတွေတော့ သိလိုက်ပေမယ့် အပေါက်ဝမှာထိုင်နေတာဆိုတော့ လေက အထဲကို ပဲသွားနေတာကြောင့် ဘာမှ မနံ ဘူးမှတ်နေကြတာ။ အခုမှ ဆက်စပ်စဉ်းစားလိုက်တော့ နင်တို့ က ကားထဲ မှာ ဆို တော့ လေနဲ့ အတူ လွင့်ပြီးနင်တို့ စီရောက်သွားတာဖြစ်နိုင်တယ်။ သူ က သတ်သတ်လွတ်ဆို တော့ အနံ့ ခြင်းလည်း နီးစပ်ပါတယ်။
နင်တို့ နှစ်ယောက် ရီလိုက်တော့ အဂျေး က သူခိုးလူမိသလိုဖြစ်ပြီး နင်တို့ ကိုတောင်လှမ်းကြည့်လိုက်သေးတယ်။ ပြီး မှ နင်တို့ မသိလောက်ပါဘူး ဆိုပြီး ခပ်တည်တည် ဆက်ထိုင်နေရသေးတာ။

ကဲကျောင်းသွားတဲ့ လမ်းက ဇာတ်လမ်းလေးတွေ သတိရမှ နောက်ထပ်ရေးဦးမယ်။ အခုတော့ ဒီလောက်ပါပဲလေ။

တေလေ

Wednesday, September 29, 2010

တစ်ချိန်တုန်းက တက္ကသိုလ်(၁)

အချိန်က သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်...
မန္တလေးကွန်ပျူတာတက္ကသိုလ် ၏ တတိယနှစ်ကျောင်းသား ကျောင်းသူများ မှာ Project ဆိုသော် ဒုက္ခကြီး နှင့် နပမ်းလုံးနေကြရသည်။ အုပ်စုလိုက်လုပ်ရမည်ဖြစ်သောကြောင့် တွဲရေးခွဲရေးမှာ အတော်ပင်ဂယက်ရိုက်နေရပေသည်။
ကိုတေလေတို့ သူငယ်ချင်းတစ်စု ကတော့ အရက်ကလေးတမြမြနှင့် မို့ မည်သူမျှ မတွဲချင်ကြ။ သောက်ဖော်စားဖက်အချင်းချင်း တွဲရမည်ဆို တော့ ဘူဘူချင်း ဘယ်လို မှ တစ်ဖြစ်မလာ နိုင်မှန်းသိကြသည်။ ထို့ ကြောင့် မျက်နှာလေးများ ငယ်စွာဖြင့် စာလုပ်သော သူငယ်ချင်းများ နှင့် ဟို့ လူ အဖေတော်ရနိုး ၊ဆရာတော်ရနိုး အတော်ပင်ဂွကျနေကြလေသည်။
နောက်ဆုံးတော့ သောက်ဖော်စားဖက်များကို အကူအညီပေးတတ်သော ဆရာရဲ ၀င်း နှင့် ဆရာအောင်ထက် တို့  ဂိုဏ်းသို့  လူခွဲပြီး ၀င်ကြရသည်။

ကိုတေလေတို့ အရက်သမားများ ကို တွဲမည့်သူမရှိသည်မှာ မထူးဆန်းလှသော်လည်း ကျောင်းတွင်စာလည်းလုပ်ပြီး တော်လည်းတော် သော ရန်ကုန်သူ တရုတ်မဒမ်းလေးမီမီလှိုင် ခမျာ တွဲရမည့်သူ မရသည်မှာ ထူးဆန်းသည်။ နေရာတကာ ဆရာမကြီး လုပ်ချင်သော
ညင်လေးရှိသောကြောင့်ဖြစ်မည်ထင်သည်။ သူမခမျာ project တစ်ခုလုံး တစ်ယောက်ထဲ လုပ်လျှင်ပင်လုပ်နိုင် လောက်သည်ဟု ထင်ထားသူဖြစ်သည်။ ထို့ ကြောင့် တွဲမည့်သူမရသော အခါ ဆရာ၊ဆရာမများထံအပူကပ်ပြီး တစ်ယောက်ထဲလုပ်ခွင့်တောင်းသည်။ ဆရာမများကလဲ Project သည် တစ်ယောက်ထဲလုပ်၍ မရကြောင်း၊ အများနှင့် စုပေါင်းပြီး လုပ်မှ တိုးတက်၍ မြန်ဆန်စွာပြီးနိုင်မည် ဟု ၀ိုင်းဝန်းနားချပြီး ထို အချိန် က လူလိုနေသေးသော ဆရာငြိမ်းချမ်းလေး နှင့် အောင်ဆန်းတို့ အုပ်စု သို့  ထဲ့ပေးလိုက်သည်။

ထိုအခါမှပြဿနာက စတော့သည်။ အမြဲတမ်းဆရာ လုပ်လို သော ငြိမ်းချမ်းနှင့် သဘာဝဆရာမ မီမီလှိုင်တို့ မှာ သူလုပ်မည်၊ငါလုပ်မည် နှင့် အချင်းများကြရသည်။ ၃ နှစ်ခန့် စာအုပ်ထူကြီးများကိုင်ကာ လှန်ကြည့်ဘူးသောကျေးဇူးကြောင့် ငြိမ်းချမ်း မှာ Press any key to continue ပေါ်လာလျှင် Enter လေးခေါက်လိုက်လျှင်ရကြောင်းသိနေပြီဖြစ်သည်။ ထို့ ကြောင်စာအုပ် ထဲမှ ပါသော ဆီအပေါင်းအပေါင်း ကို သေချာစွာရွတ်ဖတ်ပြီး ဘယ်လို ရေးလိုက်နိုင်ကြောင်း ငြိမ်းချမ်းမှ သူ့  အုပ်စုကိုပြောသည်။

ဆရာမ မီမီလှိုင်ကလည်း အားကျမခံ အိုအို ပီ ဆိုလျှင် ဘယ်သူမှ ဆရာတင်ဆရာမလိုကြောင်း သူမသာ တစ်ဖက်ကမ်းခတ် ရေးနိုင်ကြောင်း၊ ရန်ကုန်မှကတည်းက ဆီ ကို ရေလို သောက်လာသူဖြစ်ကြောင်း အပြိုင်ပြောနေကြသည်။
ဆရာနှစ်ယောက်ကြောင့် အေးအေးခိုင်တို့ မှာရန်မပွားစေရန်အတွက် သူတို့ နှစ်ယောက်လုံး အပြိုင်ရေးကြရန် နှင့် အောင်ဆန်းမှ ကြားလူအဖြစ်ဖြင့် နေကာအကူအညီပေးမည်ဖြစ်ကြောင်း ညှိုနှိုင်းပေးလိုက်ကြသည်။ စာရွက်စာတမ်း နှင့် စာအုပ်ကို အေးအေးခိုင်တို့ 
မိန်းကလေးများမှ လုပ်မည်ဟု သဘောတူထားကြသည်။

ပထမဆုံးလုပ်ရမည်က အချက်အလက် စတင်စုဆောင်းရန် Survey ဆင်းကြရမည်ဖြစ်သည်။ ထို့ ကြောင့် ပထမဆုံး မီမီလှိုင်က ဘဏ်လုပ်ငန်းအကြောင်း Project ရေးရန် အဆိုပြုသည်။ ထို့ ကြောင့် အုပ်စုလိုက်မြို့ ထဲရှိ ဘဏ်တစ်ခု သို့  စု၍ ချီတက်ကြသည်။ ဆရာများသောအဖွဲ့ ပီပီ သေချာစေရန် လိုက်မှတ်ရုံသာမက ပြောသမျှ Record လုပ်ထားနိုင်စေရန်
Walkman player လေးများပါယူဆောင်လာကြသည်။ မန်နေဂျာကလည်းပျူငှာစွာပင် မေးသမျှ ရှင်းပြပေးသည်။ ဆရာငြိမ်းချမ်းနှင့် မီမီလှိုင်တို့ မှ အားကျမခံအပြိုင်ပင် မေးနေကြ သည်။
မန်နေဂျာခမျာ မည်သူ့ မေးခွန်းဖြေရမည်မသိဖြစ်ဖြစ်သွားရသည်။ ဆရာနှစ်ယောက်၏ အားကျမခံမေးခွန်းများကြောင့် ဘဏ်လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်
များစွာ အားလုံးလို လို ပြည့်ပြည့်စုံစုံ ရလိုက်ကြပေသည်။

အချက်အလက်များရတော့ မီမီလှိုင် မှ အခန်းအောင်းပြီးတစ်ယောက်ထဲ ရေးရန်ကြိုးစားသည်။ သို့ သော် တကယ်တော့ လေသာကြီးခဲ့သော်လည်း အတွေ့ အကြုံကမရှိ ၊ တကယ့်ရေးရမည့် အချက်များမှာလည်း အလွန်များလွန်းသောကြောင့် နဲနဲလေးစကြည့်လိုက် ရေးရင်းလည်သွားလိုက်နှင့် နောက်ဆုံးလက်လျှော့လိုက်သည်။ သို့ သော် လက်လျှော့လိုက်မှန်း မပြောသေးပါ။ ငြိမ်းချမ်းအခြေအနေ ကို စောင့် ကြည့်ရသေးသည်။

ငြိမ်းချမ်းမှာလည်းမီမီလှိုင်နည်းတူသာဖြစ်လေသည်။ စာအုပ်ထဲတွင်လည်း ဘဏ်လုပ်ငန်းအကြောင်းရေးထားသော Program များပါလေမလားဟု
ဝယ်စုထားသောစာအုပ်များထဲလိုက်ရှာကြည့်သေးသည်။ ကူးစရာလည်းရှာမတွေ့ သောကြောင့် မည်သို့ ပြုလုပ်ရမည်မသိဖြစ်သွားသည်။ပြီးမှ မီမီလှိုင်များ
ရေးလိုက်နိုင်လျှင်အခက်ဟူ၍ အောင်ဆန်းကို တိတ်တဆိတ်တိုင်ပင်ကြည့်ရသည်။ အောင်ဆန်းက မီမီလှိုင်ဆီက စကားခေါက်ကြည့်ပြီးဖြစ်သည်။
ဆရာများမရေးနိုင်မှန်း သူသိပြီးဖြစ်သည်။ ထို့ ကြောင့် တစ်ဘက်လှည့်ဖြင့် ဘဏ်လုပ်ငန်းသည် ကြီးသောကြောင့် မိမိတို့ မှာ အချိန်မလုံလောက်နိုင်ကြောင်း
ဆင်ကြီးတို့ သူရိန်မောင်မောင် တို့ မှာ ဖြစ်သလို လုပ်ပြီး တင်ရန်ပင်အဆင်သင့်ဖြစ်နေသလို ကြားရကြောင်းထို့ ကြောင့် ဘဏ်ကြီးတစ်ခုလုံး
ရေးရန်မှာ ဘီလ်ဂိတ်သည်ပင်လျှင်ဖြစ်နိုင်ဦးမည် မထင်ကြောင်းစသဖြင့် ပြောပေးလေသည်။ မီမီလှိုင်နှင့် ငြိမ်းချမ်းတို့ မှာကိုယ့်ဝမ်းနာကိုယ်သာသိကြသည်မို့ 
အပြိုင်အဆိုင်ပင်ထောက်ခံကြလေသည်။
အေးအေးခိုင်တို့ မှာ စိတ်ပျက်လက်ပျက်ဖြင့် “ဒါဖြင့် ဘာရေးကြမှာတုန်း” ဟုညည်းတွားကုန်ကြလေသည်။
ငြိမ်းချမ်း က မလျော့သေးပဲ ဘဏ်တစ်ခုလုံး မရေးနိုင်လျှင်တောင် Saving နဲ့ ပါတ်သက်တဲ့ အပိုင်းလေး ပဲရေးလျှင် တစ်ည ခန့် သာကြာမည်ထင်ကြောင်း
ပြောနေသေးသည်။မီမီလှိုင်ကလည်း ဤသို့ တစ်ပိုင်းတည်းသာရေးရလျှင် ယခု ပင်ရေးလိုက်နိုင်ကြောင်း၊အိမ်ပြန်ပြီးရေးပြီးသည်နှင့် မနက်ဖြန်ပြန်တွေ့ လျှင်ပြမည်
ဖြစ်ကြောင်းပြောပြီးသုတ်သုတ်ထပြန်သွားလေသည်။ ငြိမ်းချမ်းလည်း စာအုပ်ဆိုင်များသို့ ပြေးပြီး ဘဏ်နှင့်ပါတ်သက်သော စာအုပ်များ နှင့် Program များရလို ရငြားသွားရှာလေ၏။
(ယခု အခါ တွင် အင်တာနက်နှင့် ဂူဂယ် မှ အလွယ်တကူရှာနိုင်သောကြောင့် ဆရာငြိမ်းချမ်း ဤမျှပြေးစရာမလိုတော့ပါကြောင်း..စကားချပ်)
နောက်နေ့ ရောက်သောအခါ နှစ်ယောက်လုံးစီမှ အကြောင်းပြချက်ကိုယ်စီဖြင့် အချိန်မလောက်ကြောင်း၊မီးမလာသောကြောင့် ကွန်ပျူတာ ဖွင့်မရကြောင်း
စသဖြင့် ငြင်းခုံရင်း အစည်းအဝေးထိုင်ကာ ထပ်မံဆုံးဖြတ်ရတော့သည်။ `နှစ်ခေါက် ကြိုးစားသော်လည်း မရသောကြောင့် ဆရာနှစ်ယောက်မှာ ကိုယ့် အပြစ်နှင့်ကိုယ် မို့ 
အောင်ဆန်းကို သာ ခေါင်းဆောင်တင်ပြီး ဆက်လုပ်ရန်ဆုံးဖြတ်လိုက်ကြရသည်။

အောင်ဆန်း က ဘဏ်လုပ်ငန်းသည် ခက်သောကြောင့် နှံစပ်ဖို့ မလွယ် ဟိုတယ်အကြောင်းပြောင်းရေးရန်ပြောသောကြောင့် အားလုံးက သဘောတူပြီး
Survey ပြန်ဆင်းရန် ပြင်ဆင်ကြသည်။ ပဒုမ္မာဟိုတယ်မှာ ကြီးလည်းမကြီးငယ်လည်းမငယ် ရေးရန်သင့်တော်သည် ဟုအောင်ဆန်းက ညွှန်ပေးသည်။
ဟိုတယ်မှာ သူတို့ နေရာနှင့် အတော်ပင်လှမ်းသော်လည်း စက်ဘီးဖြင့် သွားလျှင် ၄၅ မိနစ်ခန် စီးသွားလျှင်ရောက် နိုင်ပေသည်။ ထို အခါ က ဆိုင်ကယ် များ
ယခုလောက်မများသေးပဲ မန္တလေးတစ်မြို့ လုံး စက်ဘီးခောတ်တွင်ပင်ရှိသေးသည်။ မန္တလေးသူမန္တလေးသားအားလုံး ကလေးရောခွေးများ ပါ စက်ဘီးစီးတတ်ကြလေသည်။
ထို့ ကြောင့် အားလုံးသွားရန် စက်ဘီးများတွန်းပြီး ထွက်လာကြသည်။ မီမီလှိုင် မှာ ရန်ကုန်သူဖြစ်သောကြောင့် စက်ဘီးကို တစ်ခါမျှပင်မစီးဘူး။
သို့ သော်လည်း ဆရာမဟန်ဖြင့် မစီးတတ်ကြောင်းလည်း မပြောပဲ မိမိတွင် စက်ဘီး မရှိသောကြောင့် နောက် က ပဲလိုက်မည်ဟု ပြောသည်။
အေးအေးခိုင်တို့ မှာ မီမီလှိုင်အကြောင်းသိပြီးဖြစ်သောကြောင့် တင်နင်းရမည်စိုး၍ ထွက်သွားနှင့်ကြသည်။
(အမှန်က အောင်ဆန်းနှင့် သူတို့ တိုင်ပင်ထားပြီးဖြစ်သည်။ မီမီလှိုင်အား ငြိမ်းချမ်းနောက် က လိုက်ခိုင်း ပြီး
ဆရာလုပ်လို သော သူတို့ နှစ်ယောက်ကို ပညာပေးရန်ကြံထားကြသည်။)
ကျန်နေသောအောင်ဆန်းမှာလည်း ခပ်တည်တည် နှင့်
“ငြိမ်းချမ်း မင်းတင်ခဲ့လိုက်ကွာ၊ငါ့ စက်ဘီးက လေနည်းနေတယ်” ဟုပြောပြီး နင်းထွက်သွားသည်။
ငြိမ်းချမ်းမှာ ဘာမှ မပြောလိုက်နိုင်ပဲ ထစ်အပြီး ကျန်နေသည်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်တင်နင်းသွားရင်း သူများထင်ခံရလည်း မနည်း ဟုလူပျိုတွက်တွက်သော်လည်း
နဂိုက အမြင်မကြည်ကြသော မီမီလှိုင်ဖြစ်နေသောကြောင့် ဘာလုပ်ရမှန်းမသိပဲကျန်နေသည်။ ပြီး မှ ကဲနောက်ကတက် ဟု ပြောပြီး စက်ဘီးကို အသာလေး
စနင်းသည်။ သူ့ အထင်မီမီလှိုင်က အသာခုန်တက်ပြီးလိုက်လိမ့်မည်ဟု။

သို့ သော် မီမီလှိုင်မှာ စက်ဘီး မစီးဘူးရုံသာမက နောက်ကလည်း ခုန်ပြီး မတက်တတ်ပါ။
ငြိမ်းချမ်းမှာ အတော်လေးလှမ်းလှမ်းရောက်သည် အထိ မီမီလှိုင် ကတက်မလာသေးကြောင့် နောက်လှည့်ကြည့်လိုက်သည။်
မီမီလှိုင် မှာ နေရာမှ မလှုပ်မယှက်ဖြင့်ကြောင်ပြီးကြည့်နေဆဲဖြစ်သည်။

ငြိမ်းချမ်းမှာ အတော်လေးဖုသွားပြီး စက်ဘီးပြန်လှည့်ကာ တက်ရန် ပြောသည်။ ထိုအခါမှ
မီမီလှိုင်က
“ငါ မတက်တတ်ဘူးဟ စက်ဘီးပေါ်ကို”
ဟု ၀န်ခံရှာသည်။
ငြိမ်းချမ်းလည်း မတတ်သာတော့ပဲ စက်ဘီးကို ငြိမ်အောင်ကိုင်ထားပြီး သူမကို အရင်တက်ခိုင်းရသည်။
ပြီးမှ သေချာကိုင်ထားခိုင်းပြီး ငြိမ်းချမ်းမှာ ဆိုက်ကားဆရာကဲ့သို့ အရှိန်ရအောင်တွန်းပြီး နင်းရသည်။

လမ်းခရီးတစ်လျှောက် မင်းသမီးက မင်းသားခါးလေးဖက်ပြီး ပျော်ရွှင်စွာနင်းလာကြသည်ဟု ထင်လျှင် မှားပေဦးမည်။
မီမီလှိုင်မှာ စက်ဘီး ပေါ်ထိုင်ပြီးသည်နှင့် ရှေ့ ဖင်ထိုင်ခုံနောက်ကို ကိုင်ပြီး ကတည်း က ကြောက်ကြောက် နှင့် တောင့်တောင့်ကြီး
ပုံစံပင်မပြောင်းဝံ့ပဲ လိုက်လာရရှာသည်။ စကားလည်းမပြောနိုင်ပဲ ကြောက်ရွှံစွာဖြင့် ဖင်ထိုင်ခုံကိုသာတအား ဆုပ်ကိုင်ပြီး
ပါလာသည်။ မီးပွိုင့်ရောက်လည်း နောက် က မဆင်းပဲဤအတိုင်း ကလေးကြီးကဲ့သို့ ထိုင်လျှက်နေသည်။ ငြိမ်းချမ်း မှာ စက်ဘီးကို ထိန်း၍
မလဲအောင် ထိန်းရသည်။ ချွေးများကျလျှက် ပုဆိုးခိုင်နေသည်ကို ပင် ဘုရားသခင်ကို ကျေးဇူးတင်နေရလေသည်။လူအများရှေ့ မှာ မိန်းကလေးတစ်ယောက် နှင့် ဟန်ထုတ်လိုသောငြိမ်းချမ်းခမျာ ဆိုက်ကားဆရာကဲ့သို့ မီးပွိုင့်ရပ်ရတိုင်း စက်ဘီးပေါ်မှ ဆင်းပြီးမလဲအောင်ထိန်းထားရသည်။ လူတစ်ယောက်ဝိတ် ပါသည်မို့  စက်ဘီးမှာ အတော်ပင်ထိန်းရခက်ပုံရလေသည်။ ပြန်စီးလျှင်လည်း အရှိန်ရအောင်တွန်းပြိးမှ နင်းရသည်။ ငြိမ်းချမ်းတစ်ယောက် ပုံပျက်ပန်းပျက်ဒုက္ခတွေ့ နေသည်ကို
ရှေ့ မှသွားနေသော အောင်ဆန်းနှင့်တကွ အေးအေးခိုင်တို့ အုပ်စု မှာ သူတို့ မသိအောင်ကြိတ်ပြီးရယ်နေကြရလေသည်။

ငြိမ်းချမ်းမှာ မိန်းကလေးတစ်ယောက် ကို စက်ဘီးတင်နင်းရသော ဖီလင် ဘယ်လို မှ ရောက်မလာခဲ့ပါ။
ထိုအစား သူ ၏ ပင်ကိုယ် ဒေါသများသာ တရှူုးရှုး နှင့် အမောများ နှင့် အတူ တက်လာရပေသည်။
ဒေါသများဖြင့် ဟိုတယ်သို့ ရောက်၍ အားလုံး Data Collect လုပ်နေချိန်မှာတောင်သူ့ ခမျာ lobby တွင် ကျန်ခဲ့ပြီး စာစောင်တစ်ခုနှင့်
ယပ်ခပ်နေသည်။ မျက်နှာမှာလည်း ရှက်လည်းရှက်၊ဒေါသကလည်းထွက်၊မောကလည်းမောနှင့် မို့ နီရဲလျှက်နေပေသည်။
နောက်တော့ ပြန်ပြောသည် မှာ နင်တို့  မီမီလှိုင် က စက်ဘီးမစီးတတ်တသာမကဘူး၊တက်လည်းမတက်တတ်၊ဆင်းလည်း
မဆင်းတတ် ဘူး ဟု။
ဟိုတယ်မန်နေဂျာက အားလုံးကို ကော်ဖီ ကိတ်မုန့် များ နှင့်ကျွေးမွေးသော်လည်း ငြိမ်းချမ်းမှာ မစားနိုင်ပါ။
ဤသို့ ဖြင့် Data Collection အောင်မြင်စွာပြီး ဆုံးပြီး Project ကြီးကို အောင်ဆန်းကဦးဆောင်ပြီး
ဆရာနှစ်ယောက် မှ တစ်ကုတ်ကုတ်ဖြင့်ရေးကြရသည်။ ဟုတ်သည်ရောမဟုတ်သည်ရော ဆရာနှစ်ယောက်၏
ထင်ရာလက်စွမ်းပြကြလေသည်။

အေးအေးခိုင်တို့ ကလည်း ပဒုမ္မာ ကြာပွင့်ကြီးကို Graphic လက်စွမ်းပြပြီး Presentation ကြီးပြဖို့ လုပ်သည်။
သို့ သော် တကယ်လည်းပြရော ကြာပွင့်ကြီးလည်း မပါလိုက်ရပါ။ ဆရာအောင်ဆန်း မေ့ကာကျော်သွားသည်။
ရေးထားသော ပရိုဂရမ်မှာလည်းဆရာ နှစ်ယောက် တစ်ယောက် တစ်မျိုးစီ အဆက်စပ်မရှိရေးထားကြသောကြောင့်
Error များစွာ နှင့်။ ရှင်းပြသူအောင်ဆန်းလည်း တောင်ရောက်မြောက်ရောက်ဖြင့် ဖြစ်နေရရှာသည်။
ဆရာများ မဆိုထားနှင့် ၀ိုင်းဝန်းကူညီရေးကြသော အေးအေးခိုင်တို့ ပင်လျှင်နားမလည်ပါ။

သို့ သော် ဆရာများလည်း နားမလည်ကြသော်လည်း ငြိမ်းချမ်းထပ်ရှင်းပြနေဦးမည် စိုးသောကြောင့် ရပ်ခိုင်းလိုက်တော့သည်။
ဤသို့ ဖြင့် Project ကြီးလည်း အောင်မြင်စွာပြီး ဆုံးခဲ့လေ၏။

ဗာလ
(ဆရာမအေးအေးခိုင်ကျေးဇူးပြုသည်။)

မှတ်ချက်။ ။ ချစ်၍ခင်၍ ပြန်လည်ဖော်ထုတ်ပြီးဇာတ်လမ်းစဉ်ရေးပါသည်။ အမှတ်တရဖြစ်စေရန်သက်သက်သာဖြစ်ပါသည်။

Wednesday, July 28, 2010

UCSM Entrance


၈ ရက်၊ ၈ လ၊ ၁၉၉၇ ခုနှစ်က ကြေးမုံသတင်းစာဟောင်းမှာ ထည့်သွင်းခဲ့တဲ့ မန္တလေးကွန်ပြူတာ တက္ကသိုလ် ရဲ့ ပထမဆုံး ဝင်ခွင့်ကြော်ငြာ ကို အမှတ်တရ တင်ထားတာပါ။ အမှတ်တရ သိမ်းထားတဲ့ ကိုရဲဝင်းသူ နဲ့ ပေးပို့တဲ့ Central Computer က ကိုဝင်းမင်းထွန်း နဲ့ မဝါ တို့ ကိုကျေးဇူးတင်ပါကြောင်း။

Sunday, June 27, 2010

မရှောင်နိုင်..ဒီချောင်ကြားဝယ်

မြခနောက် တောင်လို့ ခေါ်တဲ့ မန္တလေး စက်မှုတက္ကသိုလ် အရှေ့ ယွန်းယွန်းက တောင် ကို ဒုတိယ အကြိမ်တက်တုန်း က ပေါ့။ တကယ် က နွားလဘို့တောင်ပါ ။ ဘယ်သူက မြခနောက် လို့ပြောင်းခေါ်ခဲ့သလဲမသိပါဘူး။ တလမ်းလုံး အရင်တခါတက်တုန်းက အဆင်မပြေခဲ့မှုကြောင့် အခုတစ်ခေါက်မှာတော့ အတော်သတိထားတက်ခဲ့ ကြတယ်။ တောင်ပေါ်ရောက်မှအားလုံး အမော ပြေကြ သက်ပြင်းချနိုင်ကြတော့တယ်။ အရှေ့  ဘက်ကို လှမ်းကြည့်လိုက်လျှင် မေမြို့  ဘက် က တောင်တွေ မြင်နေရပြီး အမြင့်မှာ ဆိုတော့ တောင်ခိုးတွေရော မြူခိုးတွေရော ရောနှောလို့၊ သေချာတာတော့ မြင်ကွင်းက ပြာ နေတာပဲ တောင်တွေကြည့်လဲ ပြာ...အပင်တွေကြည့်လဲ ပြာ.... ကောင်းကင်ကိုကြည့်လဲ ပြာ....အရာရာ ဟာ ပြာ.....နေတယ် လှနေတယ်ပေါ့။


မြခနောက်တောင်ထိပ်ကစေတီဟာ ကျောက်တစ်လုံး တောင် ဘုရား ပုံစံငယ်နဲ့ စေတီ ငယ်လေးများစွာလည်း ရှိတယ် တောင်ပေါ်ဇရပ်ထဲက နံရံ တွေ ကျောက်တုံးတွေပေါ်မှာ ကိုယ့်ထက် အရင် ရောက်လာကြကုန်သော MIT, မန္တလေးတက္ကသိုလ် ၊ GTI မှ စီနီယာ ကျောင်းသား ကျောင်းသူ များ ရဲ့ လက်မှတ်နှင့် နာမည်များကို အမှတ်တရ ရေးထားကြသည်ကို တွေ့ရသည်။ အမောအပန်း ပြေပျောက် ပြီးတော့မှ ပဲ ဘုန်းဘုန်းတွေ သွားကန်တော့ ကြ။ ကျောင်းက ကျွေးတဲ့ သက်သက်လွတ် နေ့လည်စာကို မြိန်ရေယှက်ရေ သုံးဆောင်ကြပြီး တောင်ပေါ် နေရာအနှံ့  လျှောက်လည်ဖြစ်ကြတော့တယ်။


ဇာတ်လိုက်ကြီး မျိုးဇော်ကတော့ အစာလေး ဝင်သွားပြီး အန္တရယ် ကင်းစွာ တောင်ပေါ်ရောက်လာလို့ လားမသိ အသံ ပြန်ကျယ်လာတော့တယ် ။ ၄င်းပါးစပ်မှ စက်သေနတ် ပစ်သလို ပေါက်ပေါက်ဖေါက်သလို တော့ကီသာ ပွါးနေသည်မှာ သူ့ အစား ကျနော်တို့ ပါးစပ်များပင်ညောင်းလာသည် အထိ။ တနေရာ ရောက်သော အခါ လှိုဏ်ဂူ တခုကိုတွေ့ကြပါတယ်။ ဂူက သိပ်မကြီး ပါဘူး ။ ကျဉ်းလဲ အလွန်ကျဉ်းပါတယ်။ အိမ်လုံးလောက်ရှိတဲ့ ကျောက်တုံးကြီး အောက်မှာ တဖက်ကနေ တဖက်ကို ဒိုးယိုပေါက် လှိုဏ်ခေါင်း ဖြစ်နေတာပါ။ အထဲမှာတော့ မှောင်မဲပြီး ဝင်္ကပါလို ကောက်ကောက်ကွေ့ကွေ့ ပါ။


အားလုံး သဘောတူညီချက်နဲ့ အထဲ ကို တဖက်ကဝင် တဖက်က ပြန်ထွက် ကြမယ် ဆိုပြီး စဝင်ကြပါတယ် ။ အဝင်ကတည်းက လေးဘက်ထောက် တွားသွားပြီး ဝင်မှ ရပါတယ် ။ အဲဒါ အဆုံး အထိ ကို လေးဘက်ထောက်ပဲ တွားသွားရပါတယ်။ ဂူနံရံ တွေ တော်တော်ကျဉ်းဆို လေးဘက်ထောက်တောင် တံတောင်ဆစ်နဲ့ ထောက်မှ ဝင်သွားလို့ ရတာပါ၊ ကျနော်တို့ အုပ်စု ထဲက မိန်းကလေး များ ကတော့ မျောက်မ များပီပီ ရှေ့ဆုံး က လေးဘက်ထောက်ဝင်သွားကြပါတယ်။ သူတို့ နောက်မှာ တော့ လူရှုပ် မျိုးဇော် က ကပ်လျှက် ဝင်ပါတယ်။ သူ့ နောက်တည့်တည့် မှာ ကုပ်ကမြင်း မျိုးဆက် က လိုက်ပါတယ်။ အားလုံးနောက်မှာတော့ ကျနော် ... ။


ဒီလိုနဲ့ လှိုဏ်ခေါင်း အလယ်လောက်အရောက်မှာ "ဘူ.....ဖူ..ဖူ..." ဆိုတဲ့ အသံကြီး ရှေ့က ကြားလိုက်ရပါတယ်...။ ဖြစ်ပုံမှာ သက်သတ်လွတ် ရွှေဖယုံသီးတန်ခိုး နှင့် လေးဘက်ထောက် ပုံစံ တို့ကြောင့် လူရှုပ်မျိုးဇော် သွေးလေညီညွတ်သွားပုံ ရသည်။ ၄င်း လွှတ်လိုက်သော ဗုံး ကား လှိုဏ်ခေါင်းအတွင်းဝယ် ဟိန်း၍ ငတို မျိုးဆက် ခေါ် ကုပ်ကမြင်း မှာကား အသံမျှ မထွက်နိုင်ရှာတော့ချေ။ မည်သို့ ထွက်နိုင်ရှာမည်နည်း လှိုဏ်ခေါင်းအတွင်းဝယ် တယောက်နှင့်တယောက် လေးဘက် ထောက် အတန်းလိုက် တွားသွားနေရာဝယ် မျိုးဆက် မှာ မျိုးဇော် နောက်ကပ်ရက် မည်သို့မျှ မရှောင်နိုင်မတိမ်းနိုင် နောက်သို့လည်းပြန်လှည့်မရ ရှေ့  သို့ လည်းမတိုးသာ။ အံကြိတ်၍ သာ..........။

ဒိုက်စ်