Monday, August 31, 2009

၂။ UCSM ဝင်ခွင့်ဖြေဆိုခြင်း


ကျွန်တော်တို့ကျောင်းကို University Of Computer Studies, Mandalay လို့ခေါ်ပါတယ်... ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ပြီးရင် မြန်မာနိုင်ငံ ရဲ့ ဒုတိယမြောက် ဖွင့်လှစ်တဲ့ ကွန်ပြူတာ တက္ကသိုလ်ဖြစ်ပါတယ် ... ကျောင်းနေရာ က ယခု လက်ရှိ ဒဟတ်တော မှာ မဟုတ်သေးပါဘူး ... နေရာမရှိလို့ မန္တလေး စက်မှုတက္ကသိုလ် MIT ကန်တင်း နား က ၂ ထပ်အဆောက်အအုံမှာပါ။ မန္တလေး အရှေ့ဘက် ရန်းကင်းတောင်ခြေကို ပတ်သွားရပါတယ်။ လိမ်ပင်ရွာ လိမ်ပင်ကွေ့ကျော်ရင် ရောက်ပါပြီ။ ရေတံခွန်တောင် အထိမရောက်ပါဘူး။ ရန်ကင်းတောင်ကို ကျော်သွား ရသေးတယ်ဆိုတော့ မြို့တော်မန္တလေးနဲ့ တော်တော်လှမ်းပါတယ်...။

တစ်ကျောင်းလုံး မှ အဲဒီ ၂ ထပ်အဆောက်အအုံ တစ်ခုပဲ ရှိပါတယ်.. အဲဒါလည်း ပြောခဲ့တဲ့ အတိုင်း စက်မှုတက္ကသိုလ် က အဆောင်သစ်တခု ပါပဲ
တစ်ခုထူးခြားတာ က ကျွန်တော်တို့ တက္ကသိုလ်စဖွင့် တဲ့ အချိန်မှာ တခြား တက္ကသိုလ်တွေအားလုံး ပိတ်ထားရတဲ့ အချိန် ၁၉၉၇ စက်တင်ဘာ လ မှာ ပါ..... အဲဒီတော့ မန္တလေး စက်မှုတက္ကသိုလ်ဝင်းထဲ မှာ ကျွန်တော် တို့ တွေပဲ ရှိကြပါတယ်၊ ..ကိုယ်ပိုင်ကျောင်း အဆောက်အအုံ နဲ့ မြေနေရာ မရှိသေးတော့ ဝင်ကစွပ်ကောင် လိုပဲပေါ့လေ...ဒါပေမဲ့ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ၃ နှစ်လုံးလုံး ဒီ MIT ဝင်းထဲ မှာပဲ ကျင်လည်ခဲ့ ရတော့ MIT ဟာ ကျွန်တော်တို့ ရဲ့ မိခင်ကျောင်းတော်ကြီးကို ဖြစ်နေရော....။ မန္တလေး MITဆိုပြီး ဗွီဒီယို မှာပဲဖြစ်ဖြစ် မဂ္ဂဇင်း စာစောင်ထဲမှာပဲ ဖြစ်ဖြစ် တွေ့ လိုက်ရ ဖတ်လိုက်ရရင် ငါတို့ ကျောင်းပဲ လို့ သတိရလောက်အောင် တသားထဲ ဖြစ်ခဲ့ ရပါတယ်၊ တကယ်တမ်းလည်း နောက်ပိုင်း MIT ပြန်ဖွင့်တော့ စက်မှုကျောင်းသားတွေနဲ့ ငယ်ပေါင်းရင်းချာလို ခင်မင်ခဲ့ရ သောင်းကျန်းခဲ့ ကြဖူးပါတယ်။ ကျောင်းသားဆိုတာ ...ကျောင်းသားစစ်စစ်ဆိုတာ ဘယ်ခေတ် ရောက်ရောက် တသားထဲ တသွေးထဲ ဖြစ်ခဲ့ တာ သိပ်တော့ အံ့သြစရာ မရှိပါဘူး၊

ကျောင်းတွေပိတ်လိုက်လို့ ယောင်ခြောက်ဆယ်လုပ်နေတုန်း သတင်းစာမှာ မန္တလေးကွန်ပြူတာ ဖွင့်လှစ်မည့်အကြောင်း၊ ပထမဆုံးအသုတ် စတင်ခေါ်ယူနေပြီး ၁၀ တန်းအောင် အမှတ် ၃၅၀ နှင့် အထက် ( ၅ဘာသာ ) ၊ ၄၂၀ နှင့် အထက် ( ၆ဘာသာ ) ဝင်ခွင့်ဖြေဆိုနိုင်ကြောင်း တွေ့တာ နဲ့ လျှောက်ဖြစ်ခဲ့ တာပါပဲ။ရေးဖြေ အောင်မှ လူတွေ့ စစ်ဆေးပြီး ဝင်ခွင့် ရတာပါ။လျှောက်လွှာတင်ဖို့ အရင်ဆုံး ရန်ကုန်ကွန်ပြူတာတက္ကသိုလ်မှာ ဖောင်သွားတင် ရပါတယ်...။ ငွေသွင်းပြီးတော့ ဝင်ခွင့်စာမေးပွဲအတွက် Study Guide သဘောမျိုး မေးခွန်းပုံစံ တစ်အုပ်ပေးလိုက်ပါတယ်...၊ ဖတ်ကြည့်တော့ သေချင်စော်နံရော.. သင်္ချာံလည်းမဟုတ်၊ ဆိုက်ကိုလည်းမဟုတ်...။ လောဂျစ်တွေကိုး.....။ မန္တလေးကို ဝင်ခွင့်ဖြေဖို့ စသွားရတော့ ဒုက္ခစတွေ့တာပဲ...တခါမှ မရောက်ဘူးတာကိုး...အဲဒါနဲ့ အသိတယောက်ကို အကူအညီတောင်းပြီး ထုံးစံအတိုင်း ဘုရားကြီး အနား တောင်ပြင်ထီးလင်းက ဘကြီးဘုန်းကြီးဆီ တည်းပြီး ဖြေခဲ့ရတယ်....မန္တလေးရောက်ရောက်ချင်း မှတ်မှတ်သားသား တခုရလိုက်တာကတော့ "ရှေ့...တပြ" ဆိုတာပဲ။ ဗိုက်ဆာလို့ ထမင်းထွက်စား တာ ထမင်းဆိုင်မသိလို့ မေးလိုက်...ရှေ့တပြပါပဲ..ညာဘက်ချိုးလိုက်..ရှေ့တပြပဲ...ဘယ်ဘက်ချိုးလိုက်နဲ့ အဖေနဲ့ ကျွန်တော် ထမင်ဆိုင်ရောက်တော့ ဟောဟဲ ဆိုက်နေပါပြီ ၊ဒီလိုနဲ့ MIT ဝင်းထဲမှာ ရေးဖြေသွားဖြေရတယ် .... မသွားတတ်မလာတတ် ဆိုတော့ ဘုန်းကြီးက သူ့တကာ လေးဘီးငှားပြီး လိုက်ပို့ပါတယ်...ကျောင်းထဲ ရောက်တော့ "ဟိုက် ရှာလပတ်ရည် " အော်လုဆဲဆဲ ဖြစ်သွားရပါတယ် ကျွန်တော် ဝင်ခွင့်ဖြေဖို့ ပြင်ဆင်လာတာ က ဖောင်တင်တုန်း က ပေးလိုက်တဲ့ sample questions & answers ပဲ...၊ ဒီရောက်တော့ တော်တော်များများ ဝင်ခွင့်ဖြေမယ့် သူတွေက သင်တန်းတွေ ၁ လ ၂ လ တက်ထား ကြတဲ့ သူတွေများတယ်၊ မရောက်ဘူးတဲ့ ဒေသမှာ အူလည်လည်စာမေးပွဲဖြေရတာလောက် အားငယ်စရာ ကောင်းတာမရှိဘူး၊ စိတ်ထဲမှာတော့ အချိန်ကုန် ငွေကုန် လူပန်းပြီ ထင်တယ်တွေးမိပြီး သားတော်မောင် ဆန္ဒလိုက်လုပ်ပေးတဲ့ ဘိုးတော် နဲ့ ဘွားတော် ကို အားနာနေမိတယ်တကယ်ပါ...ဖြေတော့ဖြေနိုင်ခဲ့ တယ် ဒါပေမဲ့ အဖြေတွေက မှန်တယ်လို့ကို မထင်ဘူး။ ရေးဖြေအောင်စာရင်းတွေထွက် ကျောင်းကိုဖုန်းဆက်မေးတော့ အောင်တယ်တဲ့ဒါနဲ့ VIVA နောက်တကြိမ် ထပ်ဖြေရပြန်တယ်VIVA ဖြေတော့ လူသိပ်မရှိတော့ပါဘူး ဖြေတဲ့ ရက်ကိုလည်း ၂ရက်ခွဲလိုက်တာကိုး၊ တယောက်ချင်းဝင်ဖြေရတာဆိုတော့ နဲနဲတော့ လန့်နေတာ အမှန်ပဲ၊ အခန်းပြင်မှာ ကျောင်းသားချင်း နဲနဲစနည်းနာချိန်တော့ရတယ်၊ လူတွေ့ဖြေကတည်းက သတိထားမိခဲ့ စကားပြောခဲ့ရတဲ့သူတွေကတော့၊ အဂျေး (နောင်တချိန် သက်သတ်လွတ် အရက်သမား ) အဖြစ်ကျော်ကြားလာမည့်သူ ၊ ဝဝတုတ်တုတ် ဘူတား မျိုးဆက်၊ တောင်ငူသား ငဖြိုး ။ ရန်ကုန်သား လူရှုပ်မျိုးဇော်၊ လမ်းလျှောက်ရင် ခါးယမ်းပြီးလျှောက်တတ်တဲ့ ပဲခူးသား သသုံးလုံး သိန်သန်းသွင် နဲ့ မန္တလေးသား သဘောကောင်း ဇော်နိုင်လင်း ( နောင် နာဠာဂီရိ အလား ဆင်ကြီး ) လို့ လူသိများတဲ့သူတို့ ပဲဖြစ်ပါတယ်....။ ( အပေါ်ပုံတော့ MITထဲက မန္တလေးကွန်ပြူတာတက္ကသိုလ် မူလပထမ ကျောင်းပုံပါပဲ )

၁။ နိဒါန်း

ကျွန်တော် ၁၀တန်းအောင်ပြီး တက်ရောက်ခဲ့ရတဲ့ မြန်မာပြည် အထက်ပိုင်းက မန္တလေးကွန်ပြူတာ တက္ကသိုလ်၊ အတူတူတက်ရောက်ခဲ့တဲ့ သူငယ်ချင်းများ ကို အောက်မေ့သတိရခြင်း များစွာကြောင့် ဒီဘလော့ခ်ကို တင်ဆက်လိုက်ရခြင်းပါပဲ။

၁၀ တန်းအောင်ပြီးကာစ အချိန်များဟာ ဘဝ မှာ အတက်ကြွဆုံး နဲ့ မိဘလောင်းရိပ်အောက် က ထွက်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက် ခံယူချက် တွေနဲ့ ပညာရေး ၊လူမှုရေး ၊နိုင်ငံရေး ပါမကျန် စတင် လေ့လာ ဆည်းပူး ရတဲ့ အချိန်ပါပဲ၊ အမှန်တကယ် တော့ ဆည်းပူး တယ် လို့တာ ပြော ရတာ ပါ.... ဒီအတိုင်း ပေါင်းသင်းဆက်ဆံ ရင်း တွေ့ကြုံဆုံခဲ့ ဖြတ်သန်းခဲ့ ရတဲ့ ဘဝ ရဲ့ အမှတ်တရ ပုံရိပ်များပါပဲ။
ဒီလိုဖြတ်သန်းရင်း အမှားများလည်း ရှိခဲ့ သလို ... အလဟဿ အချိန်တွေကုန်ဆုံး ခဲ့ တာ လည်း ရှိခဲ့ ပါတယ်

ဘယ်လိုပဲ ဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသား ဘဝ ဟာ ပညာတစ်ခုတည်း ဆည်းပူး ဖို့ မဟုတ်တာတော့ သေချာပါတယ်... ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသား ဘဝ အမှတ်တရများကို တော့ ကျောင်းတော်ကြီးကို လည်းကောင်း ၊ သူငယ်ချင်း များကို လည်းကောင်း သတိတရ အနေနဲ့ ရေးသားချင်တာကြောင့် ဘလော့ဂ်လွှင့်တင်လိုက်ရခြင်း ဖြစ်ပါကြောင်း.......။