Sunday, October 3, 2010

တစ်ခါတုန်းကတက္ကသိုလ်(၂)

သို့ 
ကိုတေလေ

အခု ဖေ့ဘွတ်မှာ သူငယ်ချင်းတော်တော်များများနဲ့ ငယ်က အကြောင်းလေတွေ ပြန်ပြောကြရင်း
ငါလည်း အမှတ်တရဖြစ်ခဲ့တာလေးတွေပြန်ပြောချင်သေးတယ်။
သူများတွေ အိမ်ထောင့်တာဝန်တွေ စထမ်းနေချိန် မှာ ငါ က ကလေးတွေ တစ်ပုံကြီးနဲ့ ရွာလည်နေပြီလေ။ ငါ့ကလေးတွေ တော့မဟုတ်ပါဘူး။ ငါ က ဆရာ မလုပ်တာဆိုတော့ တစ်နှစ်လာလိုက်ကျောင်းသားလေးတွေ ၀င်လာလိုက်၊နောက်တော့ သံယောဇဉ် တွယ်လိုက် ထွက်သွားလိုက်နဲ့  ခဏခဏ အသည်းကွဲနေတော့တာပဲ။ ခောတ်စကားနဲ့ ဆိုရင်တော့ ဟတ်ထိတယ်ပေါ့ဟယ်။ ကြာတော့လည်း အသဲကွဲကြီးအေးအေးခိုင်ဖြစ်နေရပါပြီဟာ။

ငါတို့ကျောင်း (MTU) ကိုသွားတဲ့လမ်းက မန်းတလေးပတ်ဝန်းကျင်မှာ အသာယာဆုံးလမ်းဘဲလို့ ထင်တယ်။ (သူများတော့မပြောတတ်ဘူး။ ကိုယ့်ဟာကိုယ်ထင်တာ)။ နေ့တိုင်းနေ့တိုင်း ဈေးချိုကနေ ကားနှစ်စီးထွက်တဲ့အထဲမှာ ဦးမုတ်ဆိတ်ကြီးကားကိုဘဲ နေရာဦးပီး စီးကြတယ်။ ဘာလို့ဆိုကက်ဆက် ပါလို့။ အဲဒီအချိန်တုန်းက ဦးမုတ်ဆိတ်က အငဲ ရဲ့ ၈၅ မန္တလေးတမ်းချင်းများ ဆိုတဲ့ သီချင်းခွေကို အသွားရော အပြန်ပါဖွင့်လေ့ရှိတယ်။ ငါလဲအငဲဆို အရမ်း ကြိုက်တော့ ကားစီးရင်း လမ်းကို ငေးပီး သီချင်းနားထောင်ရတာကိုက ဖီလင်တစ်မျိုးဘဲဆိုပီး သဘောကျတယ်။ ကားသွားတဲ့လမ်းက ရှုခင်းက မြို့ထဲမှာ ဒီလောက်ကြီး မလှဘူး။ နန်းရှေ့ ရေစစ်ကန်ကို ကျော်တာနဲ့ စပီး အဲဒီလမ်းကိုသွားနေရတာပိုပျော်စရာကောင်းလာတယ်။ ရေစစ်ကန်ကိုကျော်ကျော်ချင်း သကြားစက်ရုံတစ်ခုရှိတယ်။ အဲဒီ သကြားစက်ရုံရှေ့ရောက်တာနဲ့ ပေါင်မုန့်မီးဖုတ်တဲ့အနံလိုမျိုးရတယ်။ အဲဒီအနံကိုအမြဲရှုရင်း ဗိုက်ဆာလိုက်တာလို့တွေးမိတယ်။ အဲဒီနောက်နဲနဲကျော်လာတာနဲ့ လမ်းတဘက်တချက်ဆီက ကြာပင်တွေအပြည့်နဲ့မြောင်းကိုတွေ့တော့တာဘဲ။ နှစ်စဉ် စက်တင်ဘာလက စပီး ဆောင်းတွင်းတ တွင်းလုံးကြာပန်းတွေပွင့်တာများတအားကိုလှတယ်။ တခါတလေ ကျောင်းကားနဲ့မလိုက်ဘဲ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သွားတဲ့နေ့ကျရင် အဲဒီနေရာနားရပ်ပီး ကြာပန်းခူးလေ့ရှိတယ်။ တစ်ခါတလေ ကြာဖက်ရောင်းဖို့ ခူးနေကြတဲ့ လှေကလေးနဲ့ လူတွေကိုတွေ့ရင်တော့ ကိုယ့်ဘာသာမခူးဘဲ သူတို့ဆီက၀ယ်လိုက်တယ်။ ပီးတော့လဲဘာမှလဲမဟုတ်ဘူး လွှင့်ပစ်ကြတာ။ ကြာပန်းတွေမြင်နေရတာကိုက ပျော်စရာ။ အဲဒီနောက် ကြာပန်းမြောင်းအဆုံးမှာ လယ်ကွင်းတွေကို တမေ့တမော တွေ့ရတယ်။ အဲဒီမှာ လေကို အားရပါးရရှုကြည့်လိုက်ရင် မြို့ထဲမှာ မရတဲ့ “စပါးနံ့”တွေကိုခပ်သင်းသင်းရတယ်။ အဲဒီစပါးနံ့ကို အရမ်းကိုကြိုက်တယ်။အဲဒီစပါး ခင်းတွေက ရန်ကင်းတောင် မေ၇ာက်ခင်မှာရော ရန်ကင်းတောင်အလွန်မှာပါ ရှိတယ်။ ရန်ကင်းတောင်အလွန်က စပါးခင်းတွေပီးရင် တော့ လမ်းထောင့်လေးမှာ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုရှိတယ်။ အဲဒီအကွေ့ကစပီး စပါးပင်အစား သပြေပင်၊ဂန္ဒမာပင် စတဲ့ အခင်းတွေနဲ့ ကျောင်းပေါက်ကိုရောက်လာတော့တယ်။ အဲဒါက ကျောင်းကိုအသွားလမ်း။ ကျောင်းကအပြန်လမ်းဆိုရင်တော့ စိုက်ပျိုးရေးတက္ကသိုလ်ကွေ့ကစပီး ငါသဘောကျတဲ့ရှုခင်းတွေ တွေ့ပီလို့အမြဲတွေးမိတယ်။ အပြန်လမ်းမှာလဲ အဲလိုဘဲ စပါးနံ့လေးပါတဲ့ လေကိုရှုရင် အငဲသီချင်းကိုနားထောင်ရင်းနဲ့ မန္တလေးကိုရောက်လာတယ်ပေါ့။ တနေ့တော့ အဲဒီရှုခင်းကိုသူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဝေမျှခံစားချင်တာနဲ့ အဲဒီနေ့က ကျောင်းကားပေါ်မှာ ငါ့ဘေးက ထိုင်လိုက်တဲ့ ခင်ဖြိုးသန့် (အခုတော့ ဒေါက်တာခင်ဖြိုးသန့်၊ ကိုဥက္ကာရဲ့မိန်းမပေါ့) ကိုပြောပြတယ်။ “ဖြိုးရေ...ဒီနေရာကနေကျော်တာနဲ့ (အပြန်လမ်းကကွေ့) စပါးခင်းကိုတွေ့ပီ။ အဲ ဒီနေရာရောက်ရင် လေကိုအားရပါးရရှုကြည့်လိုက်။ စပါးသင်းတဲ့အနံ့ရတယ်။ အရမ်းမွှေးတယ်။“ လို့ပြောပြတယ်။ ခင်ဖြိုးသန့်က “ဟုတ်လား။ ဒီတိုင်းနေ့တိုင်းသွားနေတာ တခါမှသတိမထားမိဘူး“လို့ပြန်ပြောတယ်။ဒါနဲ့ သူငယ်ချင်းနှစ်ယောက် အားခဲထားပီးကွေ့ကိုကျော်တာနဲ့ အသက်ကိုအောင့်ပီး တအားရှုကြည့်လိုက်တယ်။ အဲဒီမှာဘဲ နှစ်ယောက်လုံးမျက်နှာတွေ ရှုံ့တွသွားပီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပီး အားရပါးရ ရီလိုက်ကြတယ်။ ဘာလို့ဆို ”စပါးသင်းနံ့”ဆိုပီး အသက်အောင့်ပီး အားရပါးရလေကိုရှုလိုက်ခါမှ ”စပါးသင်းနံ့”မဟုတ်ဘဲ ”နွားချေးနံ့”က နှာခေါင်းထဲကိုအလုံးလိုက်ဝင်လာလို့ဘဲ။ အဲဒီနောက်နှစ်ယောက်သားကိုယ့်အဖြစ်ကို ရီလို့မဆုံးဘူး။ အခုချိန်အဲဒီလမ်းကိုဖြတ်တဲ့အချိန်၊ အဲဒီအဖြစ်အပျက်ကို အမှတ်ရသေးတယ်။ ခင်ဖြိုးသန့်ကတော့ မေ့လောက်ပီထင်တယ်။
အဲဒါလေးတွေပြန်ပြောရင်းသတိရလိုက်တာဟာ..
အေးအေးခိုင်


သို့ အေးအေးခိုင်

နင့် စာကို ဖတ်ရပါတယ်။ ဖတ်ပြီးနင်မသိလိုက်တာတစ်ခု ကို ဖြေရှင်းချက်ပေးမလို့ ပါ။

ဟုတ်တယ်ကျောင်းသွားတဲ့ အောင်ပင်လယ်လမ်းက တော်တော်ကို သာယာပါတယ်။ ရေမြောင်းနဲ့ စပါးခင်းတွေနဲ့ လေ။ အခုတော့ ထန်းရည်ဆိုင်တွေ ပါထပ်တိုး လာပြီနော်။ နင်ပြောတဲ့ သကြားစက်က တကယ်တော့ အရက်ချက်စက်ရုံထင်တာပဲ။ ရန်ကင်းတောင်ခြေနားမှာလည်း တစ်ရုံရှိသေးတယ်။ အနံ့ က တော်တော်ဆိုးတယ်။ စပါးခင်းတွေ က တော့ နင်ပြောသလို ပဲ။ စပါးနံ့ လေးတွေ က မွှေးတယ်။ အဲဒီလေကို ရှု ရင် အဆုတ်ကို သန့် စေတယ်ထင်တယ်။ ဒါကြောင့် အဆုတ်ဆေးရုံ တစ်ခု အဲဒီမှာ လာဖွင့် တာနေမယ်။ ရန်ကင်းတောင် ခြေရောက် ရင်ချက်ချင်းအေးကျသွားတယ်နော်။နွေမနက်ခင်းဆို ပို သိသာတယ်။ မြို့ ထဲ က ပူ ပြီးလာတာ တောင်ခြေလည်းကားကွေ့ လိုက်ရော အေးသွားတော့တာပဲ။ တောင်ခြေဆိုလို့  တောင်အရှေ့ ဘက် က ပတ္တမြားရိပ်သာ ဆို ကျောင်းသားတိုင်းသိကြတယ်နော်။ ရိပ်သာကို တစ်ယောက်မှတောင်မမြင်ဘူးကြပေမယ့် အဲဒီလမ်း က ထန်းရည်ဆိုင်ကြောင့် ကျောင်းသားတိုင်း အဲဒီနေရာကို သိကြတယ်လေ။ ကျောင်းကားပြန်ချိန်ဆို အဲဒီက နေသောက်ပြီးမှ ပြန်စောင့်တက်တတ်သူတွေတောင်ရှိသေးတယ်။ ငမင်းတို့  ဂေါဠု တို့ ပေါ့။ (ငါမပါဘူး..ထန်းတောမှာတင်မထနိုင်တော့လို့ ..ဟိဟိ)။ ရန်ကင်းတောင်ပါတ်လည်က အရက်ဆိုင်တွေ လည်းမလွတ်ပါဘူး။ ဒင်းတို့ အုပ်စုတွေ နေရာတကာပါပဲ။

ငါ က တော့ ကျောင်းအ၀င် တမာလမ်းလေးကို သတိအရဆုံးပဲ။ ငါ က တမာ ပင်ကိုကြိုက်တယ်လေ။ အဲဒီလမ်းတစ်လျှောက် ကျောင်းကားမမီလို့ လိုင်းကားနဲ့ လာရရင် ကျောင်းဝကနေ ကျောင်းကို လမ်းလျှောက်ရင်လျှောက် ၊ မလျှောက်ရင် ဆိုက်ကားစီး။ လမ်းလျှောက်လာရင်း လူလစ်ရင် ဖလားဝါးချင် ၀င်ပြီးဖလားဝါးလို့ ရသေးတယ်။ တိတ်ဆိတ်နေပြီး လူလည်း သိပ်မရှိတော့ အဆင်ပြေတယ်ဟ။ ဖလားဝါးတဲ့ကိစ္စလေးသတိရလို့ ပြောရဦးမယ်။ ကမ္ဘာကျော်ပြိုင်ပွဲကြီးတစ်ခု လူမသိသူမသိ ဖြစ်နေတာလေး ပြန်ပြောချင်လို့ ။
တစ်ခုသော ညချမ်းမှာပေါ့ဟာ။ ကျောင်းထဲမှာနေတဲ့ အုပ်စုတစ်စု ဦးဂတုံးဆိုင် မှာ ၀င်ပြီး သောက်ကြပြီးသကာလ ကျောင်းဝင်းထဲ ကို ထပြန်လာကြတယ်။ ဆိုင်က ထွက်တော့ အားလုံး ဖလားဝါးချင်လာကြတယ်လေ။ လူတွေ က လည်းထွေနေကြတော့ ဒီအတိုင်း မ ဖလားဝါးချင်ဘူး။ ထူးထူးခြားခြားလေးဖြစ်သွားအောင် ပြိုင်ပွဲလေးတစ်ခုလုပ်မယ်။ ဘယ်သူ က ဖလားဝါးရင်း လမ်းလျှောက်ပြီး အဝေးဆုံးကိုရောက်နိုင်သလဲ လို့ ပြိုင်ကြသတဲ့။
ပြိုင်ပွဲဝင်သူတွေ ကတော့ ဆရာကြီး သက်ခိုင် နဲ့ သူ့ ကောင်လေး ငဖြိုး၊ သိန်းသန်းနဲ့  ရန်ကုန် သား (အဲဒီတုန်းက)ဂိုက်ပေးကြမ်းတဲ့  မျိုးဇော်တောင် ပါလိုက်ကြသေးတယ်။ အဲဒါ နဲ့  ပုဆိုးများဂွင်းသိုင်းပြီး သကာလ ခုနကပြောတဲ့ တမာလမ်းတစ်လျှောက် စပြိုင်ကြသတဲ့။ခရားရေလွှတ် နဲ့ ငဖြိုးတစ်ယောက် အသွက်ဆုံးသွားပေမယ့် ၀ါးတစ်ပြန်လောက်မှာတော့ရပ်သွားသတဲ့။ သိန်းသန်းက ပိုပြီးမြန်အောင်ဆိုပြီး ခြေတစ်ဖက်မြှောက်ပြီး ခုန်ဆွခုန်ဆွနဲ့ သွားတယ်။ သူ ကလည်း ငဖြိုး သာသာလေးမှာပဲဂိတ်ဆုံးသွားတယ်။ မျိုးဇော်က တော့ သူရဲ့ ပင်ကိုယ်အတိုင်း လေးဘက်ထောက်ပြီး ကို ပြေးတာပဲ ၀ါးနှစ်ပြန်လောက်ထိရောက်သတဲ့။ သူတို့ တွေ ရှေ့ ကို ရောက် နေ လို့  နောက်ကဖြည်းဖြည်းလိုက်လာနေတဲ့ သက်ခိုင်ကို စောင့်နေကြရတယ်။ သက်ခိုင် ကတော့ ဖြည်းဖြည်းနဲ့ သူတို့ နားကို ရောက်လာတယ်။ ဒါပေမယ့် သူ က တော့ ဖလားဝါးနေတုန်း ။ ကျန်တဲ့ လူတွေ က မပြီးသေးဘူးလားလို့ မေးတော့ သက်ခိုင် ကမပြီးသေးဘူးတဲ့။ အဲဒါနဲ့ လမ်းလျှောက်ရင်းအပေါ်ကို ဆက်လျှောက်လာတာ သက်ခိုင်ကတော့ ဖလားဝါးနေတုန်းပဲ။ လမ်းတစ်လျှောက် ရေစီးကြာင်းကြီး တစ်ခုတော့ ကျန်ခဲ့မှာပေါ့လေ။ အဲဒါ သူ စီးကြောင်းက ကျောင်းပေါ်တက်တဲ့ တမာလမ်းအဆုံးလောက်ထိကို ရောက်သတဲ့။ အဲဒီအခါမှာတော့ ကျန်တဲ့ လူတွေ က သက်ခိုင်ကို “ဆရာကတော့ ဆရာပါပဲ ဆရာရယ်” ဆိုပြီး လက်ဖျားခါအောင်ချီးကျူးပြီး ဖလားဝါးမင်း ဘွဲ့ ပေးအပ်လိုက်ကြရတယ်တဲ့။ အဲဒါ က ကမ္ဘာ့ စံချိန်ရှိရင်တောင်ကျိုးလောက်တဲ့ ထင်ပါရဲ့ ။

ဒါနဲ့  နင်ပြောတဲ့ စပါးနံ့ မွှေးတယ်ဆို တဲ့ ကွေ့ လေးအကြောင်းဆက်ရဦးမယ်။ ကျောင်းကားမှာ ယောကျာ်းလေးများအုပ်စု က တံခါးပေါက်တွေ မှာ ထိုင်ကြတာနင်တို့ သိကြမှာပေါ့။ နင်တို့ စပါးနံ့ ရှုတဲ့နေ့ ကဖြစ်မယ်ထင်တယ်။ အဲဒီကွေးနားလေးမှာ အဂျေးက တံခါးပေါက်ဝကထိုင်ရင်း ကားဘီးလေလျော့သလို အသံလောက်နဲ့  ကျန်းမာရေး လေပုပ် ထုတ်လိုက်တယ်ထင်ပါ့။ ဘေးနားက သူငယ်ချင်းတွေတော့ သိလိုက်ပေမယ့် အပေါက်ဝမှာထိုင်နေတာဆိုတော့ လေက အထဲကို ပဲသွားနေတာကြောင့် ဘာမှ မနံ ဘူးမှတ်နေကြတာ။ အခုမှ ဆက်စပ်စဉ်းစားလိုက်တော့ နင်တို့ က ကားထဲ မှာ ဆို တော့ လေနဲ့ အတူ လွင့်ပြီးနင်တို့ စီရောက်သွားတာဖြစ်နိုင်တယ်။ သူ က သတ်သတ်လွတ်ဆို တော့ အနံ့ ခြင်းလည်း နီးစပ်ပါတယ်။
နင်တို့ နှစ်ယောက် ရီလိုက်တော့ အဂျေး က သူခိုးလူမိသလိုဖြစ်ပြီး နင်တို့ ကိုတောင်လှမ်းကြည့်လိုက်သေးတယ်။ ပြီး မှ နင်တို့ မသိလောက်ပါဘူး ဆိုပြီး ခပ်တည်တည် ဆက်ထိုင်နေရသေးတာ။

ကဲကျောင်းသွားတဲ့ လမ်းက ဇာတ်လမ်းလေးတွေ သတိရမှ နောက်ထပ်ရေးဦးမယ်။ အခုတော့ ဒီလောက်ပါပဲလေ။

တေလေ