Friday, September 4, 2009

၉။ အဂျေး (သို့ ) သတ်သတ်လွတ်အရက်သမား

သူငယ်ချင်းများအကြောင်း ပျော်စေပျက်စေ ရေးသားရာတွင် တချို့ က ကျောင်းသားဘ၀တွင် အမှန်တကယ် ဟာသမြောက်သူများဖြစ်သည်။ ယခု တော့ ဆရာ၊ဆရာမ ဖြစ်သူကဖြစ်၊ အိမ်ထောင်ရက်သား ကျ ၍ လူကြီး ဖြစ်နေသူများလည်းရှိ သည်။

ရေးရသည်မှာ ယခင်ကလို လက်လွတ်စပယ်ရေးသား၍ မရနိုင်တော့ပါ။ အဖြစ်မှန်ကို တတ်နိုင်သမျှယူ၍ အမှန်တရားလည်းမပျောက်သွားစေချင်၊ ဖတ်ရသူ များ ရင်တထိတ်ထိတ် ဖြင့် ငါ့ အိမ်ထောက်ဘက် ဖတ်မိလျှင်ဒုက္ခ ဆိုပြီး လည်း မဖြစ်ရအောင်ရေးပါသည်။ ရေးလို့ ကောင်းမယ်ထင်သူ များ ၊ပြောမနာဆိုမနာ ဖြစ်နိုင်မည့်သူများကို ဦးစားပေးထားသည်။

ဟာသသက်သက်ကြီးမဟုတ်ပဲ အမှတ်တရများ လည်းပါနေသောကြောင့် အနည်းငယ် အမှားပါလျှင် ခွင့်လွတ်နိုင်ကြမည်ဟုမျှော်လင့်ပါသည်။ ထိခိုက်စေလောက်သော အရေးအသားမျိုးလုံးဝရေးမည်မဟုတ်ပါကြောင်း အာမဘန္တေ ခံအပ်ပါသည်။
---------------------------------------------
အဂျေး (သို့ ) သတ်သတ်လွတ်အရက်သမား
---------------------------------------------
ကျောင်းရောက်တော့ ၎င်းသည် အားလုံးထဲတွင် အသက်အငယ်ဆုံးကောင်လေး။ ကောင်လေးဆို ၍အထင်မသေးလိုက်နှင့် ။ ဇ ရှိသည်။ ဆော်တော့မကြည်ပါ။ ၁၀ တန်းအောင် ဥမှ ပေါက်စ အရွယ်ဖြစ်သဖြင့် ကလေးဆန်ဆန် လုပ်တတ်သည်။ ကလေးအတွေးတွေးသည်။

ဂိုက်ပေး တော့မကြမ်းပါ။ ရောက်စ က Roll (1) ရသည်။ စာတော်၍တော့မဟုတ်။ နာမည် က A J ဖြင့်စရာ နာမည်ဖြင့်စီလိုက်တော့ အပေါ်ဆုံးက ။ သကောင့်သား က သိသိကြီး နှင့် Roll (1) ဟူ ၍ ဂုဏ်ယူနေသည် ။ (ဒုတိယနှစ်ရောက်တော့ လည်း သူ့ အောက်တွင် ပါချုပ်လက်မှတ်သာ ရှိသည်ဆိုပြီး ဂုဏ်ယူနေသည်။) ချစ်သူ ကို ရဖို့ ကြိုးစား သည့် နည်းဗျူဟာများ မှာ နေ့ စဉ်ကောင်မလေး ရှိသော အဆောင်နား ရစ်သီရစ်သီ လုပ်ခြင်း၊ အကြောင်းမဲ့ စာအုပ်ငှား၊ စကားသွားပြောလုပ်ခြင်း၊ ပြိုင်ဘက် သွားဆရာဝန် (နာမည် မဖေါ်ပြတော့ပါ) နှင့် ကြိတ်ပြိုင်ကာ သူအသာရ စေရန် တစ်ဘက်လူမကောင်းကြောင်း သွားပြောခြင်း စသဖြင့် ကြိုး စားပမ်းစားလုပ်ခြင်းကို ဆိုလိုသည်။ နောက်ပိုင်း ကောင်မလေး မှ လက်မခံတော့သောအခါ သူငယ်ချင်းငမူးသမားများ အားမြှောက်ပေးပြီး အဆောင်ရှေ့ ဂစ်တာတီးခြင်း၊ရှုရှု ဖလားဝါးခြင်း ပြုလုပ်သည်။ ရံဖန်ရံခါ အဆောင်ရှေ့  ဆဲသံဆို သံများ ကြားမိခဲ့ကြဖူးလိမ့်မည်။ အဂျေး လက်ချက် ဆိုသည်ကို သိသူနည်းပါသည်။ရှုရှုဖလားဝါးခြင်းကတော့ ၄င်းတိုက်ရိုက် မြှောက်ပေးသည်မဟုတ်ပါ။ ဂစ်တာ တီးသူငယ်ချင်းများက သံသေးသံကြောင်ဖြင့် အော်ဟစ်ပြီးသကာ လ ရေငတ်ပြေ ပါဆယ်ထုတ်များ (ရှင်းရှင်းပြောရရင် အရက်ပါ ခင်ဗျာ )သောက် ရင်း ဝေးဝေးလည်းမသွားနိုင်တော့ပဲ နေရာတွင် ဖလားဝါးမိ ကြခြင်းဖြစ်ပေလိမ့်မည်။

ရသမျှမုန့် ဖိုး ထမင်းပင်မစားရက်ပဲ သောက်တတ်သူများကို အရက်ထောက်ပံ့ သည်။ ကျောင်းဖွင့် စက သောက်စားတတ်လောက်အောင် ပါရမီမရှိရှာသေးပါ။ မည်သူ ချွတ်ချွတ် (မည်သူတိုက်တိုက်) မသောက်တတ်ပါ။

အရက်ဖိုးလေးစိုက်ရင်း အမြည်းလေးစားရင်းဖြင့် ပါရမီဖြည့်သည်။ ကောင်မလေး ဆီ ညဘက်ဂစ်တာသွားတီးလျှင်အဖေါ်ရအောင်ပြုလုပ် ခြင်းလည်းဖြစ်သည်။ ချစ်သူ ရရန်ကြိုးစားအားထုတ်မှု ကောင်းသောကြောင့် ကောင်မလေးမှာ

အဂျေးဆို လျှင် ကြားရုံမျှဖြင့် ရှုရှုပါထွက် ကျလောက်အောင်ဖြစ်သွားလေသည်။

အချစ်ရေးကလည်းအဆင်မပြေ ၊ အရက်ထောက်ပံ့ပေး သော အကုသိုလ်လေးက ရှိပြန်ဆို တော့ ဆရာသမားကောင်းတစ်ယောက် ရသည့်အခါ အဂျေးတစ်ယောက် ခွေးကန်း ချီးပုံတိုးဖြစ်လေပြီ။ မြှောက်ထိုးပင့်ကော် ပုသိမ်ကြီးသား မျိုးဆက် ကို ဆရာတင်မိခြင်း အမှားတည်း။ ဒေဝဒတ်ကို ဆရာတင်မိသော ငမိုက်သား အဂျေးတည်း။

ကျောင်းဝင်းထဲလာအိပ်ပြီး စာကျက်မည် ဟု အိမ်ကို အကြောင်းပြ.... အရက်သောက်သည်။ သတ်သတ်လွတ်စားပြီး အရက်သောက်သလောဟု သူ အားမေးလာသော် ၄င်းက အရက်သည်သတ်သတ်လွတ်ဖြစ်ကြောင်း၊

သောက်သင့်သလောက်သောက်ပြီးစာကျက်လျှင် ပို ၍ရလွယ်ကြောင်း ၊ သေးကွေးသော ၄င်း၏ခန္ဓာကိုယ်လည်း အမြန်ထွားကြိုင်းပြီး ကောင်မလေးများ ပြန်ကြိုက်တော့မည်ဖြစ်ကြောင်း ပြန်ပြောမည်မှာသေချာသည်။

နောက်တော့ ထန်းတောတွင်ကျောင်းတက်၍ မြောင်းရေချိုး ပြီး ကျောင်းကားနှင့် ပြန်လိုက် သည်။အနည်းငယ်ရှင်းပါအံ့....ထန်းတောသည် ကျောင်းသွားရာ လမ်းမပေါ်တွင်ပင် ရှိသည်၊ နံနက် ကျောင်းကားဖြင့် အလာ ထန်းတောနား အရောက်တွင် ဆင်းသည်၊ တနေကုန် တမြူပြီးတမြူ ဇိမ်ဆွဲသောက်သည်၊ ညနေကျောင်းဆင်းချိန်မတိုင်မီ ရေမြောင်းထဲ ရေဆင်းချိုးကြသည်၊ပြီးလျှင်ကျောင်းကားအပြန်ကိုစောင့်စီးပြီးအိမ်ပြန်သည်။ သို့ ဖြစ်ရာ ကျောင်းတက်ကာလကုန်ဆုံး ခါနီးတွင် သတ်သတ်လွတ်အရက်သမားဟု ကျော်ကြားလာတော့သည်။

ဗာလ

၈။ ယောက်က်ျားတစ်ယောက်၏ဖွင့် ဟ၀န်ခံချက်(သို့ )ဆင်ကြီး

ကျွန်ုပ်သည်ကား နာမည်ရင်း ဇော်နိုင်လင်းဖြစ်သည်။ သူများ တကာ က တော့ ဆင်ကြီး ဟု ခေါ်ကြပေရာ ကျွန်ုပ် ကိုယ်ခန္ဒာကို အဆွဲပြု၍ခေါ်သည်လား၊ ကျွန်ုပ် ဆန္ဒန် ဆင်မင်းကဲ့ သို့ တောင့်တင်း ဖြူဝင်းချော မွတ်သည်ကို အစွဲပြု ၍ ခေါ်သည်လား မပြောတတ်ပါပေ။ အရင်းစစ်ကြည့် မှ နာဠာဂီရိ ဆင်ကဲ့သို့ သောက်လုံး ကြီးလို့ ခေါ်ခြင်းဖြစ်ကြောင်းသိရသည်။ ပညာရေး လိုလိုလားလားချည်းမဟုတ်လှသော်လည်း ဘယ်တက္ကသိုလ်မှ မဖွင့်သေးမီ ပျင်းရိလှသောကြောင့် တစ်ခုခုတက်ထားရန်စိတ်ကူး နေသည်။ထို အချိန်တွင် ဆွမ်းခံရင်းငှက်သင့် မန္တလေးကွန်ပျူတာတက္ကသိုလ် လည်း ဖွင် ဖြစ်ရာ အလိုက်သင့် ၀င်ခွင့် ဖြေ၍ အောင်မြင်သောကြောင့် တက်ရောက်ရပေသည်။ ၀င်ခွင့် မဖြေခင် ကျူရှင်တက် ခြင်း၊ မိဘများ တိုက်တွန်းချက်အရဘုရားသွား ယတြယာ ချေခြင်း၊
ရင်ခေါင်းထဲမှ အသံဖြင့် ဥုံ အခါတစ်ထောင်ရွတ်ခြင်းများ ကို တော့ ထူးထူးခြားခြားမရှိသဖြင့် မပြောလို တော့။ အမှန်တော့ ကျွန်ုပ် ၏အရည်အချင်းဖြင့် ၀င်ခွင့် လောက်တော့ အောင်အောင်ဖြေနိုင်ပါသည်။ ရည်းစား ရဖို့ သာ မစွမ်းဆောင်နိုင် ခြင်းဖြစ်လေသည်။တက္ကသိုလ်လာရခြင်း ရည်ရွယ် ချက် မှာ ရပ်ကွက်ထဲ မစွံတော့သည့် အတူ တူ ချစ်သူရှာရာ တက္ကသိုလ် တွင် တစ်ယောက်လောက်တော့ စွံနိုင်ကောင်းငဲ့ ဟု တွေး မိသောကြောင့် ဖြစ်သည်။ကွန်ပျူတာတ္ကသိုလ်ဟူသည်ကား ကွန်ပျူတာ အသုံးပြု ရခြင်းကြောင့် မိန်းကလေးများ မျက်စိမွဲလာနိုင်သည်။ ထို့ အတွ က် ယုန်ထောင်ကြောင်မိမိ၊ မျက်စိမွဲမိန်းကလေးတစ်ယောက် တော့ ရနိုင်သည်မဟုတ်ပါလော။ကျွန်ုပ်မှာ ဥစ္စာပေါရုပ်ချော၊ ပညာတတ် ဖြစ်ရာ ဘယ်လိုနည်း နှင့်မျှ မရပဲမနေနိုင်။ ကံကောင်းလျှင် ကင်းဖြစ်ပြီး မိန်းကလေးများ ထည်လွဲတွဲနိုင်ပေမည်။ကျောင်းဖွင့်ပြီး မောင်မယ်သစ်လွင်ကြိုဆို ပွဲ ရောက်တော့ အသားဖြူ၍ မျက်ခုံး မွေး ထောင်သည်က လွဲပြီး ရုပ်က ဘယ်လို မှသတီစရာမရှိသော ငဖြိုး ကင်းရသွားသည်။ အံ့သြပါ၏။ မိန်းကလေးများ မျက်စိမွဲလွန်သွားကြပြီထင်သည်။ရှိစေတော့ ဟု တွေးပြီး အကြောင်းသိမယ်ဟု ကြိတ်တေးထားလိုက်သည်။ ကင်း မရလည်းအကြောင်းမဟုတ် ။ငဖြိုးတို့ အုပ်စုသည် အရက်သမားများ ဖြစ်ကြသည်။ မိန်းမတောထဲ ၀င်ဆံ့မည်မဟုတ်။ စာကူကျက်ခြင်း ၊စာပြခြင်းဖြင့် မိန်းကလေး ထု ၏ယုံကြည်ကိုးစားမှု ရ အောင်လုပ်မည် ဟုတ် ကြိတ်ဆုံးဖြတ်ပြီး စတင်လှုပ်ရှားသည်။ ဤနေရာတွင် လည်း ကျွန်ုပ်လိုက်မမီသူ တစ်ယောက် ကိုယ့် ထက်ပင် သွက်လက်စွာနေရာယူနေလေပြီ။ ထိုသူ ကား ရဲဝင်းသူ ပေတည်း။အရပ်ရှည်ရှည်၊ ပုဆိုးရင်ချည်ပြီး မိန်းကလေးများက မုန့် ဆို လျှင်သူ က အအေးပါပါပြီးသား ဖြစ်နေသူဖြစ်သည်။ သို့ အတွက်ကျွန်ုပ်လည်း အကွက်ပြောင်း၍ တည်တည်တံ တံ ပုံစံဖြင့် မိန်းကလေးများ အထင်ကြီးခြင်းခံရအောင်Green board (ကျောင်းစတက်ခါစက အစိမ်းရောင် သင်ပုံးပေါ်တွင် မြေဖြူဖြင့်ရေး၍စာသင်ပါသည်။နောက်တော့ကျောင်းသားများ စုပေါင်း၍whiteboard ၀ယ်ကာတပ်စဉ်လိုက်သည်။ ဤကားစကားချပ်)ပေါ် ဆရာခိုင်းသည်များရေးခြင်း ၊ ကျောင်းကိစ္စများတွင် ကျွန်ုပ်မပါလျှင်မပြီးသလို နေပြခြင်းဖြင့် လုပ်ရပြန်သည်။ ထီးဆိုင်သီချင်းထဲကလို ပင် နှလုံးလမ်းကြောင်းကျွန်းခံနေသည် မှာ မှန်နေပြီထင်သည်။ ဘုရားကြီးတွင်ဗေဒင်ဆရာက တော့ အနှောက်အယှက်ရှိသော်လည်းရကိုရမည်ဟုသေချာဟောထားပါရက် first couple ၊ second couple ၊ များတွင်ကျွန်ုပ်မပါသေးသည် မှာအနှောက်အယှက်များရှိနေပြီလော ရွာသူနှောက်ယှက်ပြီလော ဟုသံသယဖြစ်လာသည်။ထို့ ကြောင့် အနှောက်အယှက်ဖြစ်နိုင်သည့်ကုလားမအောင်စိုးဝင်း၊ ဂွအောင်ဆန်း (ဗိုလ်ချူပ်ကိုတော့အားနာပါ၏)၊ ဗိုက်ကလေး ငြိမ်းချမ်း တို့ ကို စောင့်ကြည့် ရသည်။ လေလုံးကြီးများဖြင့် ပစ်ဝင်ကာ သူ့ ကိုယ်သူ ဆော်ကြည်ဘဲ ယောင်ယောင် ဖြင့် တွေ့ သမျှ လိုက် ကြောင်နေသော(ထိုစဉ်က) ကျော်စွာအောင် ကို လည်း အလွတ်ပေးလို့ မရ။ခြံစည်းရိုး ထင်းခွေတတ်သော သူ ရ ကိုလည်းပိုပြီးစိတ်မချရ။ ငဖြိုးနှင့် တကွ အရက်သမားအုပ်စု ကို တော့ စာရင်းထဲမထဲ့။ ငဖြိုးမှာ ကင်းသာ ရသော်လည်း မိန်းကလေးများ က ကြိုက်ပုံမရပါ။ဗျူဟာမှားနေသလားလို့  ပုသိမ်ကြီးသား ကို ဆရာတင်ပြီး မေးကြည့် တော့ သူ က ရည်းစားမူး၍ရှုစရာမရှိသော်လည်း အကြံဥာဏ်တော့ပေးသည်။ "ဇော်နိုင်လင်း ရ ၊ ပစ်မှတ်များများ ပစ်ရင် တစ်ခုမဟုတ်တစ်ခု တော့ တစ်ချိန်ချိန်မှာ ထိမှာကွ၊ ပစ်သာပစ်။ တစ်ယောက်ထဲပစ်လို့ လွဲသွားရင် ဘယ်လို မှပြန်လုပ်လို့ မရတော့ဘူး" ဆရာကြီးလေသံဖြင့် အကြံပေးသည်။ ဆိုးတော့မဆိုး လှ။ ဤကောင်သည် သူ့ ညီမရှိလျှင်ကျွန်ုပ်နှင့်ပေးစားမလားမသိ။(နောင်တစ်ချိန် တွင် ထိုကဲ့သို့ တွေး မိသည် မှန် ကြောင်းသိရသည်။ ထုတ်ဖော်ရင်ဖွင့် ရန်ကောင်းသောကိစ္စမဟုတ်သဖြင့် ချန်လှပ်ထားပါသည်။)။အောင်ထက်ကို ဆရာတင်ကြည့် သောအခါ "မင်းဟာကြည့်လုပ်ဦး၊ ပစ်မှတ်များ ရင်ေ၀၀ါးတတ်တယ်တစ်ခုထဲပစ်ကွ၊ပစ်တာများရင် လက်တည့်လာပြီး မှန်မှာ" ဟုပြောပြန်သည်။ ဘယ်သူ့ လမ်းစဉ်လိုက်ရမည်မှန်း ဝေခွဲမရတော့။ အောင်ထက်သည်ကား လေ့ကျင့်မှုများသွားလို့ထင်သည် .... ဘယ်လိုရှောင်ပစ်ပစ် ၄င်း၏ ပစ်မှတ်ဆီသို့သာ တန်းတန်းမတ်မတ် .....ဟို ဟာလေးအပိုင်ပစ်ရကောင်းနိုး ၊ဒီဟာလေး ပစ်ရကောင်းနိုးဖြင့် ကျောင်းဖွင့်စရက်များကျော်လွန်ပြီးစာမေးပွဲနီးလာသောကြောင့် ကျောင်းစာကို သာ ဖိလုပ်နေရတော့သည်။ နောက်ဆုံး ဘယ်လိုမှ မဖြစ်နိုင်တော့ သည့် အတွက် သက်ခိုင် ခေါ် ချက်ခိုင် အရက်သမား အုပ်စုနှင့် ပေါင်းမိပြီး ဆင်ကြီးအမည်တွင်လေတော့ သတည်း။
ဗာလ

Thursday, September 3, 2009

၇။ ကုပ်ကမြင်း မျိုးဆက်

ပုသိမ်ကြီးသား မောင်မျိုးဆက်ကား စကားဆိုလျှင် လေးလုံးကွဲအောင် ပြောခဲလှသည်။ ပြောလျှင်လည်း အမြီးအမောက် တစက်မှမတည့်၊ သို့သော် ....... ထိုသို့သော်၏ နောက်ကွယ်တွင် ရေးစရာ အကြောင်းများစွာ ရှိပေသည်။ လူပုံစံကြည့် ၍ အေးသည်ဟုထင် လျှင် အသင်စာရှုသူ မှားလေစွ။ ၄င်းသည် လွန်စွာချစ်တတ်၏။ လွန်မင်းစွာ ဖွန်ကြောင်တတ်၏၊သူမကြိုက်ဘူးသော မိန်းကလေး ကွန်ပြူတာတက္ကသိုလ် တွင်မရှိ။ တကယ်အမှန်ဖြစ်၍ ရေးရဲခြင်းဖြစ်သည်။ သူ၏ဆိုစကား အတိုင်းဆိုရလျှင် 'ကမ္ဘပေါ်တွင် သူမကြိုက်သောမိန်းကလေး မမွေးသေး' ဟုဆိုဖူးသည်။ စကားကိုသာ လုံးစေ့ပတ်စေ့မပြောတတ်တယ် သူများဒုက္ခရောက်အောင် ကြပ်ပေးရာတွင်၎င်း၊ အတို့အထောင်သော်၎င်းလုပ်တတ်သည်။ ကျောင်းကားကို ပုသိမ်ကြီးဇနပုဒ် ကျိကုန်း မှ စောင့်စီးတတ်သည်၊ ကားဆရာ ကားမောင်းတာနှေးနေလျှင် ကားဆရာနားကပ်၍ 'ဦးမုတ်ဆိတ် ကားလောက် မပြေးဘူးနော် ၊ ဦးမုတ်ဆိတ်ကားဆို အရမ်းမြန်တာ လှစ်ကနဲ နေတာပဲ ' ၊အဲဒါမျိုး မကြားတကြားသွားပြောတတ်သည်၊ ကားဆရာလည်း အရှိန်ကိုမသိမသာ မြှင့်တင်တော့ သည်။ စီးရသည့် ကျောင်သားများမှာ ဘုရားတရတော့သည်။ အနှီသကောင့်သား မျိုးဆက် ဖွန်ကြောင်ချက် လွဲချက်ကယ် နာပုံတော့ ဖောက်သည်ချလိုက်ဦးမည်။ ကျောင်းဖွင့်စ ရှိသေး ၄င်းကြိုက်သောသူမှာ ၄ ယောက်ခန့် ရှိသွားပေပြီ...တရက် ကျွန်တော့ကိုတိုင်ပင်သည် သူဖွင့်ပြောလိုက်တော့မည်ဆိုပဲ .... အင်းလေ လုပ်ပေါ့ ။အဲဒါသူတယောက်ထဲမပြောရဲ၍ ဒီနေ့ညကျောင်းထဲမှာ အိပ်ပြီး ဖုန်းဆက်ပြောမည်ဆိုပဲ။ MIT ဝင်းအတွင်းတွင် ဖုန်းဆက်ချင်ပါက ဆက်သွယ်ရေးနှင့်စာတိုက် သတ်သတ်ထားပေးပါသည်၊ တခါခေါ်လျှင် ၁နာရီလောက်တော့ စောင့်ရတတ်သည်။ ဘာမှလဲမထူး ဖုန်းထဲ မှပြောခြင်းကို အဖော်ကလိုက်ပေးရသေးသည်။ ဖုန်းနံပါတ် ဘယ်ကရလာသည်မသိ...ခေါ်ပါပြီ....'ဟဲလို....xxxx လား...xxxx အင်း ..မျိုးဆက်...မျိုးဆက်ပါ' ...အသံခေတ္တပြတ်တောက်သွားသည် သူဘာဆက်ပြောရမည်မသိဖြစ်နေပုံရသည်။ သို့သော်မျိုးဆက်ပေပဲ ... အားတင်းလိုက်ပုံရသည် ၊မျက်နှာကြီးနီရဲလာသည်...ပြောချလိုက်သည် ' ချစ်တယ်..' တဘက်မှဖုန်းထဲကအသံထွက်လာသည်မှာ ဘေးကလူပင် ကြားလိုက်ရသည်ကား 'ဟဲ့...ငါ ..xxx.. သူ့အမေနော်' တဲ့။ ဖြစ်တောင့်ဖြစ်ခဲ သမီးနဲ့အမေကို ရည်းစားစကားမှားပြောမှုကြီးတည်း။

၆။ ကင်း ၃ ကင်း နဲ့ ငမျိုး

ကျွန်တော်တို့ Batch တွင် ပြောစမှတ်ပြုလောက်စရာ တယောက်ရှိပါသေးသည်၊ ၄င်းကား ငမျိုးခေါ် ကျော်စွာမျိုး ခေါ် ခေတ်ဒွေး တည်း။ လွန်စွာ ဂိုက်ပေးကြမ်း၏၊ အကြောင်းမသိသူများမှာ ၄င်း ဂိုက်ပေးကြမ်းနေကြောင်းလုံးဝမသိနိုင်၊ တခါတရံ ဈေးချို ဖယ်ရီကား စီးမိသည့် အခေါက်များတွင် ၄င်း ဂိုက်ပေါ်ကြမ်းမှုများကို သတိထားမိနိုင်သည်။ ကျောင်းဖယ်ရီကား လာနေသည့်အချိန်များတွင် 'အထူးသဖြင့် ဦးမုတ်ဆိတ် ကား' ဆိုလျှင် သူ့အဖေ လာကြိုသည့်အလား မျက်နှာထားမှာ တင်းမာ လှသည်၊ ကားပေါ်တက်လာပြီးလျှင်လည်း 'ဒွေး ကလေကချေ အုတ်ကြားမြက်ပေါက် ဓာတ်တိုင်သေးပန်း ပလက်ဖောင်းခေါင်းအုံး ရေမျှောကမ်းတင် နတ်စင်စွန့်စား စရိုက်မျိုး' သရုပ်ဆောင် ချက်များနှင့် အပေါက်ဝ တွင် နေခြည် ဆေးပေါ့လိပ်ဖွာ ၍ လိုက်တတ်ပေသည်။ ညကသူအရက်မသောက်ထားသည့် မျက်နှာပေးဖြင့် မှုန်ကုပ်ကုပ် နိုင်လှပေသည်၊ ဒွေး မဒိန်းမှုဖြင့် ထောင်ကျထားသောမျက်နှာ နှင့် လွန်စွာတူ၏။ ကောင်မလေးများနှင့် စကားပြောလျှင်မူ ကျဉ်းမြောင်းသော မျက်ပေါက်ကို ခပ်မှေးမှေးထားကာ ဒွေး မခို့တရို့ ပြုံးပုံ မျိုးလုပ်တတ်၏၊ တကယ်တမ်း မူ ၄င်းသည် မြိုင်ရာဇာတွတ်ပီနှင့် တထေရာတည်း တူလှပေ၏၊ သူနှင့် ငြိမ်းချမ်းတွဲ သွားပါက ဆရာဆွေမင်း ဓနုဖြူ အံ့သြသွားလောက်ပေသည်။ ကျွန်တော်တို့ တခါတရံ ကျောင်းဝင်းထဲ သူငယ်ချင်းအခန်း လိုက်အိပ်သော အခါ များတွင် အနှီသကောင့်သား ခေတ်ဒွေးခေါ် ငမျိုး လိုက်အိပ်တတ်သည်၊ သို့သော် ဆရာများအဆောင် B ဆောင်တွင်သာ လိုက်အိပ်ခြင်းဖြစ်သည်၊ တည စက်ခန်းတွင် ဆရာ/ဆရာမ များနှင့် ပရိုဂရမ်းမင်း အနည်းငယ် လေ့လာပြီးနောက် ( မှတ်ချက်... WarCraft 2 ကို နက်ချိတ်ဆော့ခြင်းပါ ) ကန်တင်း ကိုကျော်ကြီးဆိုင် ထိုင်အပြီး အပြန်...မိုးတစွတ်စွတ် လေတဖြူးဖြူး နှင့် MIT ဝင်းသည် ကင်းမလက်မည်းတို့ ကမ္ဘာ တည်း၊ လမ်းမပေါ်တွင် ရွစိရွစိ နှင့် အလွန်ပေါများ လှကြောင်း ကျောင်းတက်ခဲ့ ဘူးသူ မှန်သမျှသိကြပါလိမ့်မည်။ 'လူတကိုယ် ကင်းတမျိုးတော့ ပီးပါတယ် တီချယ်ရယ် ' သူမကြောက်သလို ရန်ကုန်က ဆရာမလေးများအား ငမျိုး စတင် ပေးသောဘော့လုံး ပါ။ ဆရာတယောက်က ဟုတ်မှန်ကြောင်း ကြားဖူးကြောင်း ထောက်ခံပြောကြားပြီးပင့်ပေးလိုက်ပါတယ်၊ ကိုရွှေငမျိုးတို့ အေးဆေးပါ ပီးပါတယ် သဘောမျိုးနဲ့ ကင်းမလက်မည်း တကောင် ခြေဖမိုးပေါ်တင်လိုက်ပါတော့တယ်၊ အားလုံး တားချိန်မရလိုက် ငမျိုး သည် ဒွေး သံပုရာသီးကိုက် ပြီး ဓာတ်လိုက်သော မျက်နှာနှင့် 'ကင်းသုံးကင်း တကင်းမှ ငါမပီးဘူး ဟူသတတ် ' နှစ်ရက်ခန့် ကျောင်းမတက်နိုင်ပေ။

( ကွန်ပြူတာတက္ကသိုလ် ဒုတိယနှစ်နောက်ပိုင်း ညီငယ်/ညီမငယ်များ ကိုကျော်ကြီး ဆိုင်ကို မှီလိုက်မည် မဟုတ်ပါ။ နောက်ပို့စ်များတွင်ကိုကျော်ကြီး ဆိုင်ပိတ်ရခြင်း အကြောင်းများ ရေးပါဦးမည်။ )

Wednesday, September 2, 2009

၅။ ခါးဆရာ သိန်းသန်း

ခါးဆရာ ဆိုလို့ ခါးပိုက်နှိုက်ဟု မယူဆစေလိုပါ၊ အကျယ်ကို ရှင်းပါမည်၊ ကျွန်တော်တို့ ထိုမန္တလေး ကွန်ပြူတာတက္ကသိုလ်ကျောင်းတော် မဟာကြီးတည်ရှိရာ ဂနိုင်တောကြီး သည် မန္တလေးနှင့် အလွန်ဝေးပေရကား ကျွန်တောတို့လို နယ်မှလာရောက် သူများအဖို့ ကျောင်းဝင်းထဲမှာပင် နားလည်မှုယူ၍ စက်မှုကျောင်းသားများ အဆောင်တွင် အခန်းယူနေထိုင်ခဲ့ရပါသည်။ ထိုမောင်မယ်သစ်လွင် ကြိုဆိုပွဲမနက် အစောတွင် ပဲခူးသား သိန်းသန်းသည် ဆိုင်ကယ်တစင်းဖြင့် အဆောင်ဝင်းထဲ ဝင်လာခဲ့သည်...၄င်းစီးနင်းပုံ မှာ လွန်စွာ ကပ်သော မြင်းကို စီးနင်းနေသော ဂျော်ကီနှင့် တူပေသည်။ သင်းစီးမှစီးတတ်ပါ၏လော ဟု တွေးမိခဲ့သေးသည်။ ကျွန်တော့်ကို မောင်မယ်သစ်လွင်ပွဲကျင်းပရာ မိန်းဘေလ်ဒင် သို့ သွားရန်လာခေါ် ခြင်းဖြစ်သည်၊ ကျွန်တော့မှာ လိုက်သွားရကောင်းနိုးနိုး၊ မလိုက်ပြန်ရင်လဲ အားနားစရာ ကောင်းနေပြန်...သူ့မှာ တကူးတက လာခေါ်ခြင်းဖြစ်သည်၊ သို့သော် ၄င်းစီးနင်းပုံ ကြည့်ရသည်မှာ များစွာ မသင်္ကာံစရာ ကောင်းလှသည်၊ 'သယ်ရင်း မင်းဘယ်တုံးကတည်း ကဆိုင်ကယ်စီးတတ်တာလဲ ' ‘အာ ဆိုင်ကယ် စီးတာ ဘာခက်တာလိုက်လို့ ၊မင်း မစီးတတ်ရင် ငါသင်ပေးမယ် ’ဆိုင်ကယ်ကို စီးမယ်ဆိုရင် မင်း အရင်ဆုံး ဂရုစိုက်ရမှာ ခါး ကွ၊ ခါးနဲ့ ထိန်းရတယ် ’ ဟိုက်...ရှာလပတ်ရည် သူပြောမှ သတိထားမိတော့တယ်.... အင်း ခါး ခါး၊ အဲဒါနဲ့ အနှီသကောင့်သား နောက်ကခွ ၍လိုက်လာမိသည်။ မိန်းဘေလ်ဒင် အနား L ပုံစံ အကွေ့နားရောက်ရော ဟော ကျောင်းသား/သူ အသစ်တွေ နဲနဲနောနောမဟုတ် လမ်းလျှောက်လာကြတာတွေ့ ရတယ်လမ်းမပေါ်မှာ ဆိုင်ကယ်ဆိုလို့ ကျွန်တော်တို့ တစင်းသာ ရှိတယ်.... အားလုံး က သတိထားဝိုင်းကြည့်နေကြတုံး ခါးဆရာ သိန်းသန်း L ပုံစံအကွေ့ ကိုဖြည်းညှင်းစွာ ကွေ့ရင်းကွေ့ရင်း ရေမြောင်းထဲ ရေသောက်ဆင်းသွားပါရော အားလုံး ရဲ့ဝိုင်းအော်သံ ကျပြီကျပြီ ဆိုတာပဲ ကြားလိုက်ရပါတယ်...။နှစ်ယောက် လုံး ပုဆိုးနဲ့ ပါ...ပုဆိုးကျွတ်သွားလား၊ဘာလား မမှတ်မိတော့ပါ၊ ရှက်ရှက်နဲ့ ခါးဆရာ သိန်းသန်း ကို သာ “ --ီး ခါးအဓိ က ပါလား”

၎။ ကွမ်းတောင်းကိုင်အီးကြော့

မောင်မယ်သစ်လွင်ကြိုဆိုပွဲ ၏ အပြီးတွင် ငို ကြွေးနေသူ တစ်ယောက်ရှိလေသည်။ ၄င်းကား အီး ကြော့ တည်း။အထက်အညာ နား ရွာတစ်ရွာမှ သူ ကြီး ၏ သမီး ဟု ကြွေးကြော်ထားသည်။ ရွာတွင် ကွမ်း ၊ တောင်းကိုင် ဖြစ်ကြောင်း ( ကွမ်းတောင်ကိုင်မဟုတ်ပါ ) တောင်စဉ်ရေမရပြောနေသူ ဖြစ်သည်။သူ မသာ ကွင်းဖြစ်ထိုက်သူ ဟု တစ်ထစ်ချ ယုံကြည်လေသည်။ ရေခဲချောင်း လို ခန္တာကိုယ် လူ မြင်အောင်လမ်းသလား ပြခြင်း၊ ကလေးလို နွဲ့ ဆိုး ဆိုး ပြခြင်းဖြင့် လူ သိများအောင်ပြုလုပ်သည်။ အသားအရည်ဖြူဖြူဖြင့် ရွာ တွင် ကွင်း ဖြစ်နိုင် ကြောင်း တော့သိပါ၏။ သို့ သော် ဤကွန်ပျူတာတက္ကသိုလ်ကား မိန်းမလှ များ ပေါဘိတောင်း။သူ လို ကိုယ် လို ၊ရွက်ကြမ်းရည်ကြို၊ အနည်းငယ်လှသူ၊ ပြုံး အလှပိုင်ရှင် စသဖြင့် များ ပြား လှကား ၄င်း က ၁၅ မဲတွင် တစ်မဲသာ ရလေသည်။ ထူးခြား စွာသော ထို တစ်မဲ ကားမည်သို့မည်ပုံ ရရှိလိုက်သည် မသိ၊ မိုးနတ်မင်းကြီး ပေးသနား လိုက်ပုံရလေသည်။ (ဤနေရာတွင်ချဲ့ ကား ၍မပြောလိုတော့ပြီ)။ သူမအတွက် ၁၅ မဲတစ်မဲသည်ပင် ကြီးလှစွာသော ဆု လာဘ်ကြီးပင် မဟုတ်ပါလား။ကွင်းမဖြစ်ရသဖြင့် ရှက်ပြီး ကိုယ့်ဘာသာ သတ်သေအံ့ဟု အီး ကြော့MIT ကျောင်းရှေ့ ဆည်မြောင်းကြီး ထဲ ခုန်ချသေတော့အံ့ ဟု အသာလေး ကြိတ်ထွက်သွား သည်။ မြောင်းရေများ မိုးတွင်း ဖြစ်သဖြင့်နောက်နေသောကြောင့် ရွ့ံပေမည်စိုး ပြီး အသာ ပြန်လှည့်လာခဲ့သည်။ နောက်တော့ မျောက်မများ ဖြစ်လာမည့် ကောင်မလေး(၃) ယောက် (ယခု အားလုံး ကလေး အမေများ-ကောင်မလေး ဟု ရေးသဖြင့် စာဖတ်သူ ပုရိသများ စိတ်ကူးယဉ်နေမည် စိုး ၍-ဤကားစကားချပ်) က မုန့် များကြွေး၍ ၄င်း ၊ ရင်းနှီးသော ယောက်ျားလေးသူငယ်ချင်းများ ခေါ်၍ သူမအား ကွင်း အဖြစ် အသိမှတ်ပြု ကြောင်း အတင်းထောက်ခံပေးကြခြင်းဖြင့်၎င်း ၊ စိတ်ပြေသွားလေသည်။

ဗာလ

၃။ ဘုရားစူးကင်း နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ

မန္တလေးကွန်ပျူတာတက္ကသိုလ် အတွက် မှတ်တမ်းလည်း ဖြစ်စိမ့်သောငှာ စာရေးပေးရန် ပြောကြား လာသည့်အတွက် မှတ်မှတ်ရရဖြစ်အောင်
အဖြစ်မှန်ကို ကျောရိုးယူ ၍ ဤစာကို ရေးသားရပါကြောင်း။ ယခင်က ရေးထားဖူးသော်လည်း စာမူများ ပျောက်ပျက်သွားပြီဖြစ်ရာ
ပြန်လည်စဉ်းစား၍ တင်ဆက်အပ်ပါသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု မမှတ်ယူကြပဲ ဟဒယရွင်မြူး ၍ အမှတ်ရစေရန် ရည်ရွယ်ပါသည်။
-----------------------------------------------
ဘုရားစူးကင်း နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ
-----------------------------------------------
နိုင်ငံတော်အစိုး ရ ၏ စေတနာဟုပင်ဆိုရမလား၊ ဘဘဦးတင်ဦး ၏စေတနာ ၊ ဘဘဦးသောင်းတို့ စေတနာတို့ ကို လေးစား စွာဂုဏ်ပြု အပ်ပေသည်။ ၄င်းတို့ ၏ ဦးစီး ဦးရွက်ဖြင့် အထက်ဖေါ်ပြပါ
နှစ်ထပ်ဆောင် ကြီး Mandalay University of Computer Science and Technology ပေါ်ပေါက်လာသည်။ ကျောင်းမှာ အစေခံတန်းလျားမျှသာရှိသော်လည်း ပညာရှင်ကြီးများ(အရက်၊ဖဲ၊...) များစွာ မွေးထုတ်နိုင် ခဲ့ပါသည်။ ( အမြော်အမြင် ကြီးမားသော ဘဘတို့ ကို အထင်မသေးအပ် )
ယခု တော့  ဒဟတ်တော တွင် လေဒဟတ်ကြီးများဖြင့် မိုးပေါ်ပျံတော့မယောင် ထင် နေ ရလေပြီ။
အင်တာဗျူးမှ ရွေးချယ်လိုက်သောလူများ မှ တစ်ချို့ က ၁၀တန်း အောင်၊ တစ်ချို့ က တက္ကသိုလ်မှ၊ လူတန်းစားအလွာလွာ ပါဝင်ပါပေသည်။ ပုသိမ်ကြီး ဇနပုဒ် မှ တစ်ခေတ်တစ်ယောက် ပေါက်ပေါက်ကျားကျား၊ တောင်ငူ တစ်ကောင် ၊ ထူးထူးခြားခြား ဆင်ဖြူကျွန်းမှ အရက်သမား တစ်ကောင်၊
ရန်ကုန် ၊ မုံရွာ နှင့် အခြားခြားသောမြို့ များ မှ ကျောင်းသား ကျောင်းသူ များ ရောက်လာကြပေသည်။ ကျောင်းဖွ င့်စ၏ ထူးခြားချက် မှာ မောင်မယ်သစ်လွင် ကြိုဆို ပွဲ တည်း။
ကြိုဆိုမည့်သူ မရှိသော်လည်း ကြိုဆိုခံကျောင်းသား များ နှင့် ဆရာဆရာမများက အစဉ်အလာမပျက်ရလေအောင် ကျင်းပကြလေသည်။ကင်းရသူ ငဖြိုး အကြောင်းဆက်ပါအံ့။
ငဖြိုး ဆိုသည်မှာ တောင်ငူ မှဖြစ်လေသည်။ ကိုယ့်ကို ကိုယ် တပင်ရွေထီးမိန်းမ ရဲ့ အဌမမြောက် ဝမ်းကွဲမောင်နှမရဲ့ ဆွေမျိုးနီးစပ်တော်သူ မှ ဆင်းသက်လာသည် ဟုထင်နေသူ ဖြစ်လေသည်။ သိုက်ဆရာယောင်ယောင်၊နိုင်ငံရေးသမားယောင်ယောင်၊ ချစ်သူကို စွန့် လွတ်ပြီး သူငယ်ချင်းကို အောင်သွယ်ပေးသော အချစ်သူရဲကောင်းကြီးယောင်ယောင်လည်း ထင်နေသူဖြစ်၏။ အရူးဘုံမြှောက် ဖြစ်ရလေအောင် MICST မှ ကင်း ပြုလုပ်ပေးလိုက်ပြန်လေသည်။ မိန်းကလေးအနည်းငယ် က ၄င်းမျက်ခုံးမွေး ထောင်နေပုံကို တခဏတာသဘောကျ၍ စစနောက်နောက် ကင်းပေးလိုက်ကျ၏။ လူက မစုံခင် စနောက်၍ပေးသည်ကို ၄င်းက အတည်ပြု ကာ ဆရာများ နှင့် ပြောဆိုတိုင်ပင်သည်။ မိန်းကလေးများကို သြဇာညောင်းသော မိန်းကလေးခေါင်း များ(မိန်ကလေးခေါင်းဆိုသော်လည်း ယောင်္ကျာ်းများဟုမှတ်ပါ။) နှင့်ပေါင်းပြီး ပိုင်နိုင်အောင်လုပ်၏။ ကြိုးစားမှုဝီရိယဟူသည် မကောင်းမှု ကို ကြိုးစားလည်း ကြိုးစားသလောက်ရသည်သာ။ လူမစုံခင်မှာ ပင် ကင်းရာထူး မှာ မိန်းကလေးများကိုယ်တိုင် ပြန်ပြောင်း၍မရတော့ ။ ဆရာများ က ငဖြိုး နှင့် ရင်းနှီးနေကြပြီဖြစ်ရာမျက်နှာ မပျက်လို တော့ ။ ဤတွင် ဆရာမများက အမြင်မှန် မရှိတော့ပြီလောဟု မေးစရာရှိသည်။ ဆရာမများကလည်း တော်တတ်၍ထက်မြက် ကြပါပေသည်။ သို့ သော်မောင်မယ်သစ်လွင်ကြိုဆိုပွဲ မှ ကွန်ပျူတာပရို ဂရမ် မှာ ဆရာများ လက်ထဲတွင်ရှိ၏။ သို့ ကြောင့် ပေါင်းသင်းဆက်ဆံရေး ပြေလည်အောင်ပေါင်းတတ်သော ငဖြိုး အခွင့် အရေးရသွားပုံရသည်။ ဆရာများ ကို ဘယ်လို လက်ဝါးရိုက်လိုက်သည် မသိ။ ပရိုဂရမ်မှာ မည်သူ့ ရွေးရွေး ၄င်းသာ ရွေး ချယ်ခံလိုက်ရလေ၏။ (နောက်တော့ပြန်သိရသည် မှာ မိန်းမခေါင်းတစ်ဦး ကို စည်းရုံး၍ ဆရာများ အား ဖွင့်ပွဲနေ့ တွင် အနှောင့်အယှက်ဖြစ်ပါက အစီအစဉ်များ ကမောက် ကမဖြစ်ကုန်မည့်အကြောင်း၊ အများရှေ့ တွင် အရှက်ကွဲကြမည်ဖြစ်ကြောင်းစသဖြင့် ပြောဆို ခိုင်းလိုက်သည်ဟုသိရသည်။ နောက်တော့ ထို မိန်းမခေါင်းမှာ မည်သူ့ လက်ချက်မှန်းမသိပဲ ကျောင်းမှထွက်သွားရလေသည်။အလျင်းသင့်လျှင်အကျယ်ရေးပါဦးမည်။)
အခြားယောကျာ်းလေးများ ဘာလုပ်နေသနည်း ဟု မေးစရာဖြစ်နိုင်သည်။ ၄င်းတို့ လူစု မှာ မည်သူမျှကင်းမလုပ် ချင် ကြပါ။ ( ဒီရုပ်နဲ့ လုပ်ရင် အရှက်ကွဲမည်လို့မထင်ကြစေလို ) သောက်စားပျော်ပါးရန်သာ စိတ်ကူးကြလေသည်။ သို့ အတွက် ငဖြိုးကင်းဖြစ်သည် မဖြစ်သည် ထက် ချစ်စု ကွင်းဖြစ်သည် မဖြစ်သည်ကသာ ပို စိတ်ဝင်စားစရာဖြစ်လေသည်။ ဤသို့ ဘာသိဘာသာ နေလိုက်၍ နောင် တွင် တစ်ရေးနိုးကင်း နှင့်  မာနရှင် ကွင်း ဟူသော အရှုပ်တော်ပုံကြီးပေါ်ပေါက်လေ၏။
ဤသို့ ဖြင့် လူရှိမှဟောင်ရဲသော တောင်ငူသား ငဖြိုး မှသည် ကင်းကောင် ဟု နောင်တွင် အမည်တွင် ခဲ့လေသည်။ ။

ဗာလ