Sunday, October 4, 2009

ချစ်သူ့မြို့နှင့် အနီးတဝိုက်

နိုင်ငံရပ်ခြားကို အထင်ကြီး၍ လာရောက်ရသော သူမဟုတ်လျှင် ရန်ကုန် (သို့) ဇာတိမြေကို လွမ်းမိမည် ဧကန်ဖြစ်သည်။ ဘဝရဲ့ အနှစ်၃၀ နီးပါး ရှင်သန် ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်အားမည်သို့ မေ့ထားနိုင်မည်နည်း။ လိုအပ်ချက်များစွာ ရှိနေသော်လည်း မိမိ၏ ဇာတိမြေသည်သာလျှင် နေပျော်ရွှင်ပျော်စရာ အရပ်မဟုတ်ပါလော။

စင်္ကာပူမြေသည် ရန်ကုန်နှင့် များစွာမဝေးလှသော အရပ်ဖြစ်သော်လည်း နေပျော်စရာကောင်းသည်ဟု မည်သည့်အခါမျှ မထင်ခဲ့မိပေ။ချန်ဂီလေဆိပ်တွင် လေယာဉ်ဘီးစတင်ချ စဉ်ကတည်းက ဦးစွာ လွမ်းဆွတ်မိသည် မှာ ရန်ကုန်မြေဖြစ်သည်။ ~~' မြင်စိုင်း၊ ပင်းယ၊အင်းဝ၊ကုန်းဘောင်...ကချင်၊ကယား၊ကရင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်း တစိတ်တဝမ်းညီနောင် ပြည်ထောင်စုဘွား၊ မြန်မာပြည်သားဟေ့၊ မြန်မာပြည်သား'~~ ဟူသောမြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှင့်လေ့ရှိသည့် သီချင်းကိုမှတ်မှတ်ရရ သတိ၇မိခပ်တိုးတိုးငြီးဆိုမိသေးသည်။ချန်ဂီလေဆိပ်၏ ကြီးကျယ်ခမ်းနားမှု၊ နေ့ခင်းနှင့် မခြားလင်းရှင်းသပ်ရပ်မှုတို့က ရန်ကုန်လေဆိပ်မှထွက်ခွါလာသူ၏ စိတ်ကိုခေတ္တ ခဏတော့ သိမ်ငယ်သွားစေခဲ့သည်။ စနစ်တကျ တည်ရှိနေသော ဂိတ်များ၊ စားသောက်ဆိုင်များ၊ ရွှေ့လျားစက်လှေခါးများ နှင့် အခမဲ့ဝန်ဆောင်မှု ပေးသော တယ်လီဖုန်း အိပ်ချိန်းများ မြင်သည့်အခါ ရန်ကုန်မှမထွက်ခွါမည် တန်းစီစောင့်ဆိုင်း၍ အလုအယက်ဆက်ခဲ့ရသော တယ်လီဖုန်း အနီလေးကို လွမ်းဆွတ်မိသည်။

ICA ခေါ် လူဝင်မှုကြီးကြပ်ရေး ကောင်တာများတွင်တန်းစီရချိန်တွင် အိုက်စပ်ပူလောင်ခြင်း၊ အချိန်အတန်ကြာစောင့်ဆိုင်းရခြင်း မရှိသည်ကိုတွေ့ရခြင်းသည် Computerize ကျယ်ပြန့်စွာသုံးစွဲနိုင်ခြင်း၏ အားသားချက်ကို သတိပြုမိစေသည်။အမှိုက်တစမျှမရှိပဲ၊ အစဉ်ပြောင်လက်သန့်ရှင်းနေသော MRT မြေပေါ်မြေအောက် ရထားစနစ်ကိုအသုံးပြုရသည့်အခါများတွင် ရန်ကုန်မြို့ပတ်ရထားပေါ်က ပျံကျဈေးသည်လေးများ၏ အသံနှင့် ကွမ်းဝါး၍ ရထားစောင့်ခဲ့ရသော လှည်းတန်းဘူတာလေးကိုလွမ်းဆွတ်လှသည်။ Bus ကားဂိတ်၊ MRT Station တို့မှ အထွက် မိုးသည်းသောနေ့များတွင် ထီးမလိုပဲ လူသွားစင်္ကြန်များမှတဆင့် အိမ်အရောက်ပြန်နိုင်သော အခါများတွင်တော့ လှည်းတန်းမှတ်တိုင်အနားရှိ မိုးခိုခဲ့ရသော စတိုးဆိုင်လေးကိုသတိရမိသည်။

စင်္ကာပူသည် ရန်ကုန်ထက် အပူချိန်များသော်လည်း အဘယ်ကြောင့် နေထိုင်ရအဆင်ပြေနေပါသနည်း။ စင်္ကာပူသည်နေရာတိုင်းကိုလေအေးပေးစက်အဘယ်ကြောင့်ပေးထားနိုင်ပါသနည်း။ စွမ်းအားအရင်းအမြစ်ရှိသော်လည်း အားလုံးတပြေးညီစီမံခန့်ခွဲနိုင်ရန် လိုအပ်ချက်သည် မည်သည့်အရာနည်း။ အတတ်ပညာ၊အသိပညာတွင်သာ ရင်းနှီးမြုပ်နှံခြင်းသည် လူ့သမိုင်းကို တိုးတက်စေသည်ဆို၏။

ငယ်စဉ်ကတည်းကပင် တက်ကျမ်းများမဖတ်လိုသော ကျွန်တော်သည် စည်းစနစ်ရှိသော၊ အလျင်လိုနေသော၊ စက်ရုပ်ဆန်သော စင်္ကာပူနှင့် များစွာအံမဝင်လှချေ။

ခမ်းနားသော သပ်ရပ်သော စာအုပ်ဆိုင်ကြီးများ အစား၊ ပန်းဆိုးတန်းမှ စာအုပ်အဟောင်းဆိုင်လေးများတွင်တမေ့တမော စာအုပ်ရွေးရခြင်း၊ လှည်းတန်းမှ စာအုပ်အဟောင်းဆိုင်လေးများတွင် တို့ဝှေ့ဈေးဆစ်ရခြင်းနှင့် အမဲအူပြုတ်ဆိုင်မှရှောက်ရွက်နံ့လေးများကို လွမ်းဆွတ်မိပါသည်။Food court များတွင် မလေးရှားအုန်းနို့ခေါက်ဆွဲLaksa မှာစားရသော အခါ လှည်းတန်းဈေးအနားရှိ ဆကာကြီးမုန့်ဟင်းခါးဆိုင်ကိုမြင်ယောင်မိသည်။ Food court များရှိ အသက်အရွယ်များစွာကြီးရင့်သော ဆိုင်ဝန်ထမ်းများကိုမြင်လျှင်တော့ များစွာစိတ်မကောင်းဖြစ်ပြီး လှည်းတန်းလမ်းမပေါ်က အဘိုးအရွယ် အဘွားအရွယ်များကို စာနာမိသည်။ကျွန်တော်တို့ဆီတွင်လူအိုရုံများ များစွာလိုအပ်နေပြီလားဟုအခါခါတွေးမိသည်။ကလေးကစားကွင်းငယ်များ၊ ဘော့လုံးကစားကွင်းကျဉ်းကျဉ်းလေးများရှေ့ဖြတ်လျှောက်တိုင်း ၊ မြက်ရိုင်းများမိုးထိုးနေသော လှိုင်အားကစားကွင်းအတွင်း ဘော့လုံးကန်ခဲ့ရသည်များကို လွမ်းဆွတ်မိရသည်။ လူနေဧရိယာထူထပ်သော ရန်ကုန်တွင်ပင် ကစားကွင်း အများအပြား ရှိသေးသည်မဟုတ်လော။ ပြုပြင်ထိန်းသိမ်းနိုင်လျှင်လွန်စွာကောင်းသော အဆင့်မှီကွင်းများဖြစ်မည်ကား ယုံမှားသံသယမရှိပေ။လေအေးစက်တပ်ဆင်ထားသော ခေတ်မှီဘတ်စ် ကားချောင်ချောင် များစီးနင်းရသောအခါ ၁၀၅ ဒိုင်နာနောက် ခြေနင်းတွင်တွဲလောင်းလိုက်ခဲ့ရသောအရသာကို မည်သို့မေ့နိုင်ပါအံ့နည်း။ ရုံးသို့ အချိန်မှီပြေးလွှားသွားရသော နေ့တိုင်း၊ သက်တောင့်သက်သာရန်ကုန်ရုံးကိုလွမ်းဆွတ်မိတတ်ခြင်းသည် တက်ကျမ်းများမဖတ်ခြင်းဧ။်အပြစ်များဖြစ်သည်ထင်သည်။

NTUC များတွင် ရေခဲရိုက် အသား၊ငါး များဝယ်ရတိုင်း ကြည့်မြင်တိုင်ညဈေးတွင် ဗွက်ထူထူထဲဈေးဝယ်ရခြင်းလောက် အရသာမတွေ့။ တခါတရံ ထိန်ထိန်လင်းနေသော စင်္ကာပူရ် လပြည့်ညများတွင်တော့ စိုင်းထီဆိုင်ဧ။် ရန်ကုန်မှာသာ တဲ့ လ ကိုလွမ်းရသည်။Penisula Plaza တွင် လဘက်၇ည်သောက်ရသောအခါများတွင် မိန်းထဲမှ ဦးချစ်လက်ဘက်၇ည်ကို တမ်းတရသည်။ချောင်းသာ၊ ငွေဆောင်နှင့် ငပလီတို့ကို အကြိမ်ကြိမ်သွားရောက်ခဲ့ဖူးသောကြောင့် Sentosa သို့သွားရောက်ရန်တခါမျှစိတ်မကူးခဲ့မိချေ။East Coast က လေညှင်းထက် ဆူးလေဘုရားလမ်းက လေနုအေးကိုပို၍ တပ်မက်လှသည်။Orchard လမ်းပေါ်က အပြာရောင် ငှက်များသည် ပန်းဆိုးတန်းတဝိုက်က အပြာရောင်ညများလောက်ကြေကွဲစရာ မကောင်းဟုထင်မိသည်။

ရေကြည်ရာ မြက်နုရာ သွားလာနေရသည်ဆိုသော် ယခုခေတ်သည် သမိုင်းဦးလူသားခေတ် မဟုတ်။ ကိုယ့်တိုင်း ကိုယ့်ရွာ၌ မနေဖြစ်အောင် မည်သည့် အရာက ဖန်တီးနေပါသနည်း။ စင်္ကာပူရ်တွင် မိုးရွာပါသည်၊ နေသာပါသည်၊ ထို့နည်းလည်းကောင်း လ သာပါသည် လေပြေညှင်းတို့တိုက်ခတ်တတ်ပါသည်။ ရန်ကုန်နှင့် မကွဲပြားသောရာသီဥတု ရှိပါသည်။ သို့သော်....ကျွန်တော်သည်....ချစ်သူ့မြို့နှင့်အနီးတဝိုက်ကိုသာ.................။

ဒိုက်စ်

0 comments:

Post a Comment