Wednesday, September 9, 2009

၁၅။ နွားပွဲစားကြီးသူ ရိန် မောင်မောင်

ယနေ့ အလှည့်ကျသူကတော့ သယ်ရင်း သူရိန်ဖြစ်ပါတယ်။ သူက သူ့အကြောင်းမရေး ရကောင်းလားဆိုပြီး ကွယ်ရာမှာ တမျိုး ရှေ့တင် တမျိုး မကြားတကြားပြောလွန်းလို့ ရေးလိုက်ရပါတယ်။
၁၉၉၇ ခုနှစ် ကျောင်းများစဖွင့်စ မှ ၂၀၀၀ ခုနှစ်လောက်ထိ သွားများဖြဲ၍ ကျောင်းဆောင်များကြား လှည့်လည်သွားလာနေသော ခပ်ကြောင်ကြောင်ငနဲ ကို မှတ်မိကြလိမ့်မည် ထင်သည်။ ထိုသူကား
သူရိန်မောင်မောင်ပေတည်း။ ကျောင်းဖွင့် စကစ၍ သူ့ ခမျာ ရည်းစားတစ်ယောက်ရလို ရငြား ကြိုးစား ရှာသည်။ သူသည်လည်း ငြိမ်းချမ်း၊ မျိုးဆက် တို့ကဲ့သို့ ကမ္ဘာပေါ်တွင် သူမကြိုက်သော မိန်းကလေး မမွေးသေး ဟု ခံယူချက်ရှိသူဖြစ်သည်။ သို့သော် သူ၏ထူးခြားချက်ကား အတည်ကြံခြင်း ဖြစ်သည်။ ချဉ်ချဉ်တူးတူး မူးပြီးရော ဟူသည့် အစားဖြစ်သည်။ သူ့ရှေ့မှာ ကောင်မလေးများ ယောင်၍ မျှ ခေါင်းမငြိမ့်ရဲ ပါ။ သူ့ အဖြေပေးသည်ဟု သာသူကမှတ်ယူလေ့ရှိသည်။ သူသည် အရေခွံ အလွန်ပါး၏။ အနောက်မခံပေ။ သို့သော် သဘောထားကောင်း၏။ ယခုဒီစာကို ဖတ်ရင်း ကျိန်ဆဲနေမည်လားမပြောတတ်။ ထိုစဉ် ကယခုခေတ်လို chatting များလည်း မရှိ သေး ရာ သူ့ ခမျာ အလွန် ကြိုးစားရရှာသည်။ မိန်းကလေးများ ရှိရာကျောင်း ဆောင်ပေါ်နှင့် canteen ကြား ခေါက်တုံ့ ခေါက်ပြန်လျှောက်ရင်း ဘယ်ကောင်မလေးနှင့် တိုက်မိမလည်းဟု မျှော်လင့်ချက်ကြီးဖြင့် အခေါက်တစ်ထောင်ခန့် နေ့ စဉ်လုပ်သည်။ တနေ့သ၌ စက်ခန်း ၁ ရှေ့မှ ၄င်းကအထွက် သံဘာဂျားတံခါးနားတွင် သူမျှော်လင့်ထားသည့် အတိုင်း တစုံတယောက်နှင့် တိုက်မိ၏။ သူရိန်ကား မျောက်အုံးသီး ရသကဲ့သို့ အိုက်တင် အပြည့် စိတ်မကောင်းဟန်အပြည့် '' မတော်လို့ပါ ညီမလေးရယ် နော် တောင်းပန်ပါတယ် အစ်ကိုတကယ်မမြင်လို့ပါ။ ညီမလေးကဘယ် အတန်းက လဲဟင် စက်ခန်းချိန်လား Diskette ပါရဲ့လားဟင်'' တောင်စဉ်ရေမရလျှောက်ပြောတော့သည်။ ''မောင်သူရိန် ဘာတွေ အရေးကြီးလာတာလဲ'' သူရိန်ကား တိုက်မိသူ ကို စေ့စေ့ကြည့်ကာ တချိုးတည်း လစ်တော့သည်။ ပါမောက္ခချုပ်နှင့် တိုက်မိခြင်းတည်း။ နောင် ဒုတိယသုတ်၊တတိယသုတ်များ ရောက်လာသောအခါ MIT ၀င်းတစ်ခု လုံးသာ မက စာသင်ဆောင်အားလုံး နှင့် တကွ မန်းချယ်ရီ ဆောင် သို့  ပျော်ပျော်ကြီးချီတက်လေသည်။ စိတ်က ဆောင်သော်လည်း လူက ပါးစပ်ဖြဲ၍ ဟောဟဲလိုက်နေသည်။ မောသော်လည်း မလျော့ ။ မိန်းကလေး နံ့ များ ရလျှင် MIT မှ ဈေးချို ထိ ကျောင်းကား နှင့် အပြိုင် ပင်ပြေးနိုင်သည် ဟု အဆို ရှိလေသည်။ သွားများဖြဲ၍ မောပန်းကာ ဖြစ်နေသည်ကို တစ်ချို့ က နွားလာရောင်းသည် မှတ်၍ မ၀ယ်သေးဟု ပြောလွတ်ကြသည်။ ဤတွင် နွားပွဲစားကြီး ဟူ ၍ မိန်းကလေး များက ကွယ်ရာတွင် ခေါ်ကြလေသည်။ ၄င်းမှာလည်း ဟင်းရွက်စုံရောင်းသော ဈေးတန်းထဲ မှ ဈေးနွား တစ်ကောင်ကဲ့သို့  ဟိုဟာလေးစားရနိုးဖြင့် ရွယ်လိုက် ဆိုင်ရှင်က ဟဲ့ ဟုမောင်းလိုက်လျှင်နောက်ပြန်ဆုတ်လိုက်၊ နောက်တစ်ဆိုင်စားမယ်ပြင်လိုက်ရင်းမောင်းထုတ်ခံလိုက်ရင်းဖြင့် နောက်ဆုံးတော့ ပါးစပ်ကို ခြင်းကြားအုပ် ခံလိုက်ရသော ဈေးနွားတစ်ကောင်ကဲ့သို့  မယ်မယ်ရရလက်ဆုပ်လက်ကိုင် မပြနိုင်ပဲ
ကျောင်းကာလပြီးဆုံးခဲ့လေသည်။

ဗာလ

0 comments:

Post a Comment