Monday, September 14, 2009

၁၉။ မြခနောက်တောင်တက်ခြင်း(၁)

တောင်ပေါ်မှ လူနှစ်ယောက် ဒုန်းစိုင်း၍ ဆင်းပြေးနေကြသည်။ တစ်ယောက် မှာ ဦးခေါင်းမှ ဒဏ်ရာနှင့် ဖြစ်သောကြောင့် လက်ဖြင့် အုပ်ကိုင်ကာ ပြေးနေသည်။

”ဆရာ၊ မြန်မြန်သွားမှဖြစ်မယ်၊ ကျွန်တော် ဒီနေရာမှာမသေချင်ဘူးဗျ” ဒဏ်ရာနှင့်လူ မှာ ရှေ့ မှ ဆင်းပြေးရင်းလှမ်းပြောလိုက်သည်။ ဆရာဆိုသောလူမှာလည်း ”အေးပါကွ၊ ရှေ့ တစ်ကွေ့ ကျော်ရင် အောက်ကို ရောက်လောက်ပါပြီ” ဟု ပြန်ပြောလိုက်သည်။ လူနှစ်ယောက်မှာ ရန်သူများသဲသဲမဲမဲလိုက်လာသည့် အလား တောင်ပေါ်မှ ထင်းခုတ်သမားများ ၏ လမ်းကလေးတစ်လျှောက် လျှင်မြန်စွာပင် ပြေးဆင်းကြလေသည်။
နောက်ဆုံး တပ်ရင်း ၁၁၆ နောက်ကျော ဘက် ကွင်းပြင်စပ်သို့ ရောက်လာကြလေသည်။ ရုတ်တရက် နှစ်ယောက်သား ခြေလှမ်းများကို ရပ်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။ နောက်တော့ မှဆရာဆိုသူက ဦးဆောင်၍ တပ်တွင်းသို့ ဝင်သွားကြလေသည်။
သောင်းဝေဦး ၏စစ်သားဘ၀အမှတ်တရ လည်းမဟုတ်ပါ။ တင်သန်းဦး ၏ ရက်တစ်ရာတိုက်ပွဲလည်းမဟုတ်ပါ။

စာရှုသူများ က အထက်ပါ နိဒါန်းကို ဖတ်၍ ပြေးလာကြသောသူများ မှာ ပေါ်တာ မှထွက်ပြေးလာသူများ သို့တည်းမဟုတ် ထောင်ဖောက် သူခိုးဓားပြ မုဒိန်းကောင် များ ရဲလိုက်၍ ပြေး နေကြခြင်းလော ဟု တွေးမိကြလိမ့်မည်။ မဟုတ်ပါ။
ရန်ကုန်သားမျိုးဇော်နှင့် ဆရာဇော်ဝင်းအောင် တို့ မြခနောက်တောင်ပေါ်မှဆင်းပြေးလာကြခြင်းသာ ဖြစ်လေသတည်း။
တစ်နေ့ သော ကျောင်းဖွင့် စ တစ်ရက်မျောက်မ အုပ်စု က မြခနောက်( တကယ့်အမည်ရင်း က နွားလဘို့တောင် ပါ ) တောင်တက်ချင်သည် ဟုထွန့်ထွန့်လူး ကြသဖြင့်ဆရာတစ်ယောက်(ဆရာဇော်ဝင်းအောင်)၊ ယောင်္က်ျား လေး(၃) ယောက်(မျိုးဆက်၊ငဖြိုး၊မျိုးဇော်)နှင့် တစ်ဝက်(သိန်းသန်းသွင်-ထိုစဉ်က ခါးလေးနွဲ့ နှောင်းနှောင်းဖြင့် အထီးအမ မကွဲပြား သေး) မှာ ကျောင်းပိတ်ရက်တစ်ရက် တွင်သွားရန်သဘောတူကြသည်။
(မျောက်မှ အုပ်စု ပုံကမြင်ဘူးလို က http://ucsmfirstbatch.wordpress.com/photos/ တွင်ကြည့်ကြပါရန်။) ခြံစည်းရိုးကပ်ထင်းခွေလို သောအကြံဖြင့်လည်းဖြစ်နိုင်သည်။ ဤသို့ ဖြင့်ကျောင်းပိတ်ရက်တစ်ရက်တွင် တောင်ပေါ်သို့ နား တစ်လှည့် ရပ်တစ်လှည့်ဖြင့် အုပ်စုလိုက်ချီ တက်ကြသည်။ မိန်းကလေးများက ရှေ့ မှ၊ ယောက်ျားလေးများက သက်လုံ နည်းလှသူများဖြစ်ရာ ခပ်လှမ်းလှမ်းမှ ကျန်ကျန်နေရစ်သည်။ မသွားမီက နယ်ခံများက စကားပြော ဆင်ခြင်ရန်နှင့် ရှုးပေါက်လျှင် တောင်ဘက်သို့ လှည့်မပေါက်ရန် မှာကြားလိုက်ကြသည်။ ရန်ကုန်သား လူရှုပ်မျိုးဇော်မှာ သူ့ ကိုယ်သူ လူစွမ်းပြရန်အချိန်တန်ပြီ ဟု ယူဆပြီး ပါးစပ်မှလည်း ထုံးစံအတိုင်းဆဲဆို ခြင်း ၊ အရပ်၁၀ မျက်နှာ သေးပန်းခြင်း စသဖြင့် အရူးတို့  လုပ်နည်းလုပ်ဟန်အတိုင်းလုပ်သည်။
မိန်းကလေးများက မဆဲဆိုရန် ပြောသောလည်း ၄င်းတို့ နှင့် ဝေးသည်နှင့် ဆဲပြန်သည်။ စကားတစ်ခွန်းပြော လျှင် အစနှင့် အဆုံးတွင် ယောင်္က်ျား နှင့်မိန်းမ အမြင်မတော်ရာများ ညှပ်လိုက် ရမှ စကားဟုထင်သည်။
တောင်ကမ်းပါးရံတစ်ခု သို့ ရောက်သောအခါ မိန်းကလေးများက ရှေ့ က တက်နှင့်ကြသည်။ သိန်းသန်းသွင်က ဘာအကြံမှန်းမသိ နောက် က မော့၍လိုက်သည်။ မျိုးဆက် က တော့ ဤနယ်သားပီပီ တိတ်တိတ်ဆိတ်ဆိတ် အလစ်မှာ ခိုးခိုးပြီးကြည့် ။မျက်လုံး ကို ခိုးကြောင်ခိုးဝှက်ကြည့်သည်မှတစ်ပါး သိန်းသန်းကဲ့သို့ ပြူးပြူးပြဲပြဲမရှိလှ။ ငဖြိုး က ကင်းရပြီးစ ပူပူနွေးနွေး မြေကြီးကိုင်ရမှာ ညစ်ပါတ်ပေရေမှာကြောက်သလိုလို နှင့် တက်နေသည်။အမှန်တော့ သူသည်တောသား ရွှံတောကလာသူဖြစ်သည်။ မျိုးဇော်က တော့ စကားဖြင့်ပေါက်ပေါက်ဖောက်ရင်း လေးဘက်ထောက် ကာ တက်၏။ ဆရာဇော်ဝင်းအောင်က လူကြီး လို လို ဖြင့် မျိုးဇော်ပြောသမျှ ဆဲသမျှ သည်းခံ နာထောင်ရလေသည်။ အတော်မတ်သောနေရာတစ်ခု ရောက်သော အခါ ငဖြိုး ၏ မင်းသားလှမ်းလှမ်းနေသော ခြေထောက်က ပဲ့ နေသော ထန်းသီး လုံးတစ်ဝက်ခန့် ကျောက်တုံး ကို ချော်ပြီးနင်းမိသွားသည်။

ကျောက်တုံး မှာ ခုန်၍ မျိုးဇော်ခေါင်းပေါ်သို့ တည့်တည့်ကျလေသည်။ မျိုးဇော်၏ စကားသံဆဲဆိုသံများရပ်ပြီး ကြောင်တောင်တောင်ဖြင့်ခေါင်းကိုကိုင်လိုက်သွေးတွေ ကို ကြည့် လိုက်ဖြင့် ကြက်သေသေနေသည်။ နောက်မှ ဆရာ က ဘာဖြစ်သွားလဲ မေးမှသတိဝင်လာဟန်ဖြင့် “သွားပြီးဆရာ ကျွန်တော်တော့သေတော့မယ်” ဟူကြောက်လန့် တစ်ကြီးပြောလိုက်သည်။ ဆဲတုန်းက တော့ ဆဲခဲ့သော်လည်းယခု တော့ ကြောက်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ မိန်းကလေးများပါနေ၍ ဟန်မပျက်နေသောလည်း ငိုသြံကီးဖြင့် “ဆရာ ကျွန်တော်ဒီမှာ မသေချင်ဘူး။ ဒီနေရာမှာသေရင် တစ္ဆေဖြစ် မှာ” ပြောပြောဆိုဆို နှင့် ဆင်းပြေးလေရာ ဆရာ က ကျန်လူများဖြည်းဖြည်းလိုက်လာခဲ့ ရန်မှာကြားပြီး မျိုးဇော်နောက်လိုက်သွားလေသည်။

ကျောက်ခဲကို ငဖြိုး နင်းချလိုက်သည်မှာမတော်တဆပဲနင်းမိသည်လား၊ မဲ(၂) မဲအတွက် နှိပ်ကွပ်ရန်အကွက်ကောင်းရောက်၍ လုပ်လိုက်လေသလား မသိပါ။ ကိုယ်စောင့်နတ်၊ဘုရားသခင်၊ အလ္လာ နှင့် ကြေးစန္ဒီ နတ်မင်းကြီးတို့ သာ သိကြလေမည်။ မတော်တဆ ဆိုလျှင်ဖြင့် တော စောင့် တောင်စောင့်နတ်တို့ က ဆဲဆိုသံများမကြားဘူးသည်ကို ကြားရပြီး ဆုံးမလိုက်သည်ဟု ယူဆရန်ရှိပေသည်။မည်သို့ဆိုစေကာမူ မျိုးဇော်သည် ခေါင်းကွဲ၍ ၃ချက်ချုပ်လိုက်ရပေသည်။

ပထမအကြိမ် မြခနောက်တောင် တောင်တက်ခရီး ကား အားလုံး ဆက်မတက်ဖြစ်ပဲ လမ်းတစ်ဝက်မှ ပြန်လှည့် လာကြလေသည်။

0 comments:

Post a Comment