Saturday, September 5, 2009

၁၁။ မူးယစ်ဝေသော တက္ကသိုလ်နွေညများ

သူငယ်ချင်းများ၏ ပြောစမှတ်တွင်စရာ ဟာသများ အမှတ်တရ ရေးသားရင်း လွမ်းဆွတ်ဖွယ်ည လေးများကိုလည်း ရေးသားချင်လာ သောကြောင့် ဒီပို့စ်ကိုဝတ္ထုဆန် ဆန် ရေးလိုက်ပါတယ်...


---------------------------------------
မူးယစ်ဝေသော တက္ကသိုလ်နွေညများ
---------------------------------------
နံနက်က အရှေ့ဘက် မြခနောက်တောင်ပေါ်မှ ခေါင်းပြူထွက်လာခဲ့သောနေဝန်းသည် ညနေ ၅ နာရီကျော်၌ အနောက်ဘက် ရတနာပုံမြို့တော်ဘက်စီပြေးဝင်ငုပ်လျှိုးသွားပေပြီ...။ ထို့အတူ ကွန်ပြူတာ တက္ကသိုလ်ကျောင်းကားများသည်လည်း ဈေးချိုနှင့် မိန်း ဘက်ဆီသို့ ဦးတည်ပြန်သွားခဲ့ကြပေပြီ....။ တနေကုန် ပူပြင်းလှသော နေရောင်များလွင့်ပါးသွားသောအခါ ကျောင်းဆောင်သည်၎င်း၊ ကန်တင်း သည်၎င်း ကောင်းကအလင်းရောင်အောက်၌ သဘာဝကျစွာ လဲလျောင်းလျှက်ရှိသည်။ အစွန်ဆုံးဖြစ်သော ကိုကျော်ကြီးဆိုင်တန်းလျားများ တွင်သာ မြို့ထဲပြန်မလိုက်ဖြစ်သော ကျောင်းသားတစု ရောက်တတ်ရာရာ စကားပြောဆိုကျန်ရစ်သည်။ ၄င်းတို့တစုသည်ကား အဆောင်နေကျောင်းသား များဖြစ်သော ချက်ခိုင်၊ သိန်းသန်း၊ မျိုးဇော်၊ ငဖြိုး ၊ငမျိုး တို့ကိုစောင့်နေကြခြင်းဖြစ်သည်။ ဒီနေ့သည် မည်သည့်အထိမ်းအမှတ်နေ့မှ မဟုတ်ပါ။ တမင်အချိန်းအချက် ပြု ၍ ယမကာသောက်ရန်ချိန်းဆိုထား ကြသောကြောင့်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝ တွင်သောက်ဖူးတယ်ရှိအောင် သောက်ကြည့်ချင်၍ဟု မိုးကုတ်သား ကျော်စွာအောင် ကအကြောင်းပြသည်။ လူမနည်းပါပေ...။ မြို့ထဲမှတက်သော ဇာနည် အဂျေး၊ ဆင်ကြီး၊ ကျော်မင်းထွန်း ၊သူရ ၊ရဲဝင်းသူ၊ တို့ဖြစ်သည်။ သူတို့မှာ သောက်ချင်စားချင်လွန်း၍ စီစဉ်ကြခြင်းဟုတ်ဟန်မတူ...မြည်းစမ်းခြင်းသဘောသက်သက်ပင်ဖြစ်ဟန်ရှိသည်။ ၄င်းတို့ထိုင်နေသော ကျော်ကြီးဆိုင်ထိုင်ခုံ တန်းလျားများမှာ မြို့မှဆိုင်များကဲ့သို့ အလှအပ ဦးစားပေးခုံများမဟုတ်.. ကျေးလက်တွင်တွေ့ရလေ့ရှိသည့် တန်းလျားအနီရောင်ကြီးများသာ...၊ ၄င်းအပြင်အဆင်များနှင့်မလိုက်ဘက်စွာ မျိုးကြီး၏ ဒီကစောင့်နေသူ သီချင်းသံကပျံ့လွင့်လာသည်။ မည်သူပိတ်ခိုင်းလိုက်သည်မသိ သီချင်းသံ ရပ်သွားသည်။ အရှေ့ဘက် ငုစပ်ပင်အောက်၌ ကျော်မင်းထွန်း တယောက် ကဗျာစပ်နေသည်ထင့်၊ ဆေးပေါ့လိပ်ဖွာနေတာတွေ့ရသည်။ သူသည် ကဗျာများ စတင်ရေးသားနေစ အချိန်ဖြစ်သည်...ကိုနှောင်း ကလောင်အမည်ခံ၍ တခါတရံ ၄င်း၏ ကဗျာများ ဖတ်ရဖူးသည်။ တက္ကသိုလ်ကျောင်းသားဖြစ်လာလျှင် ကဗျားများ စတင်ရေးသား တတ်လာကြသလားမသိ တက္ကသိုလ်နောက်ခံ ဝတ္တုများတွင်ကဗျာဆရာ ကျောင်းသားများ တွေ့ရတတ်သည်။ ထမင်းလုံးစီ ရောက်တတ်ရာရာ ပြောဆိုနေသည် မှာ အချိန်သည် ပင် ၉ နာရီ ထိုးလုလု...။ မိန်းဘေလ်ဒင်ဘက်ဆီမှ ဆိုင်ကယ်မီးရောင် ဖျတ်ကနဲတွေ့လိုက်ရသည် .... အစီအစဉ် စဖို့ လူစုံလုနီးပါး ဖြစ်လောက်ပေသည်။ မှန်သည် မျိုးဆက်၏ လက်စွဲတော်ခေါ်ရမလား စူပါကပ် ဘဲခေါင်းစိမ်း ဖြစ်သည် ... ဆိုင်ကယ်ရောက်သည်နှင့် ငအောင်က ယစ်ရွှေ၇ည် သွားဝယ်ဖို့ လောဆော်သည်။သူနှင့် သိန်းသန်းသည်ပင် ကျောင်းရှေ့ ဦးကတုံး ဆိုင်သို့ သွားဝယ်ကြသည်။ ကျန်သူများ ကား မန်းချယ်ရီဆောင်အရှေ့ အုတ်ခုံကွက်လပ်ရှိရာ လမ်းလျှောက်သွားနှင့် ကြမည်။ ဒါမှ ၄င်းတို့ ပြန်အလာ နှင့် အချိန်ကိုက်ဖြစ်မည်။ ကျော်ကြီးဆိုင်မှ အသင့်လုပ်ပေးလိုက်သော လက်ဘက်သုပ်၊ ကြက်ဥကြော် နှင့် အအေးပုလင်း များ ကိုယ်စီသယ်ဆောင်ပြီး သီချင်းတအေးအေးဖြင့် MIT ၏လမ်းမများသည်ကား အေးအေးလူလူရှိလှပေသည်။ မျိုးဇော် သည်ဂစ်တာကိုချစ်သူအမှတ်နှင့် ပွေ့ပိုက်လာသည်လားမပြောတတ်။ သူကားဂစ်တာလုံးဝတီးတတ်သူမဟုတ်။ လရောင်ရဲ့ ဖမ်းစားမှု၊ အသစ်အဆန်း မြည်းစမ်းရမည့် ယမကာ၊ ပူပင်စရာ မရှိသေးသော ကျောင်းသင်ခန်းစာ များက သူတို့အားလုံး သဘာဝ အလှကိုခံစားဖို့ အခွင့်အရေး အချိန်အပြည့်ပေးထားသည်။ ကျွန်တော်တို့၏ အနာဂတ်သည်ကား မည်သို့ လာဦးမည်မသိ... လက်ရှိပစ္စုပ္ပန်အချိန်တွင် ကား ခက်ခဲမှု မျိုး မတွေ့ရသေး ... ချုံနွယ်ပိတ်ပေါင်းများ ထူထပ်လှသော ကျောင်းဝင်း တလျှောက်... လမ်းမအလယ်၌ သူငယ်ချင်းများနှင့် လမ်းလျှောက်ရသည်ကား လွတ်လွတ်လပ်လပ်ရှိလှပေသည်။ ဆရာများအဆောင် B ဆောင်ကျော်လာသော အခါ လေပြေအေး ကို စတင်ခံစား ရသည်... သည်နေရာ သည်ဌာန သည် မဲဇာတောင်ခြေ ကဲ့သို့ ရာသီဥတု မကြမ်းလှသော်လည်း အပူအအေး အပြောင်းအလဲ မြန်လှသည်... ဝန်းထမ်းအိမ်ရာ တိုက်စိမ်း ဘေးလမ်းကြားအတိုင်း ..ထိုမှတဆင့် မန်းချယ်ရီ မိန်းကလေး အဆောင်ရှေ့........ခေတ္တတိတ်ဆိတ်သွားသော ပတ်ဝန်းကျင်သည် ယစ်ရွှေရည်သွားဝယ်သော ငအောင်တို့ ပြန်အလာ၌ ပြန်လည် သက်ဝင်လှုပ်ရှားလာ၏။ ယမကာ လုလင်ကြီး တဦးဖြစ်သော ချက်ခိုင် စတင် ခွက်လှည့် နေပြီ။ မည်သူမှ ဟုတ်တိပတ်တိ မသောက်ဘူး၍ အမြည်း အကုန်မြန်လှသည်။ အမူး အလွန်မြန်လှသည်...ညအမှောင်မြန်လှသည်။ မန်းချယ်ရီသည် တိတ်ဆိတ်ငြိမ်လှသည် ငြိမ်သက်နေမည်ပေါ့ ....မည်သည့် အဆောင်သူတစ်ဦးတစ်ယောက်မျှ မရှိပေကိုး။ သက်ခိုင် နှင့် ဇာနည် တို့ စတင်တီးခတ်လိုက်သော သီချင်းသံက ကျွန်တော်တို့ ရယ်သံ စကားသံတို့ ကို တမဟုတ်ခြင်း ရပ်တန့်သွားစေသည်.... တစ်နှစ်ကျော်တိတ်ဆိတ်ခဲ့ ဟန်ရှိသော မန်းချယ်ရီ အဆောင်ရှေ့ ..သီချင်းသံ တို့ ကို ကျွန်တော်တို့ ပြန်လည်အသက်သွင်းမိကြခြင်း ဖြစ်ပေသည်........

~~ xxxx လွမ်းရိပ်ဝေ ........ မှုန်ပြာရီ မှိုင်းညို့ညို့ xxxx ထင်ရာနှင် သဲကွဲမမြင်ဘူး...xxxxx ရေပြင်ခြေရာ မှုန်ရီမှိုင်း....ပြာဝေညို့ဝေ့ရေ xxxx လေပြည်ယိမ်းကစဉ် သစ်ရွက်ကြွေ~~~~ xxxxxx တိမ်နွယ်ပုံပမာ ရွှေပန်းချီ ရုပ်ကြွင်းလေလား......။




(အထက်ပါ MIT ကျောင်းဝင်း အဝင်ဝပုံအား http://www.most.gov.mm/mtu/ မှကူးယူသည်)


0 comments:

Post a Comment